အဆောင်တွင်း သူခိုးဝင်၍ အော်ဟစ်အကူအညီတောင်းသူအား ချွန်ထက်သောအရာဖြင့် ထိုးခံရ

အဆောင်တွင်း သူခိုးဝင်၍ အော်ဟစ်အကူအညီတောင်းသူအား ချွန်ထက်သောအရာဖြင့် ထိုးခံရ

ဇူလိုင် ၂၆၊ မုံရွာ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊မြို့သစ်ရပ်ကွက်၊ မုံရွာကွန်ပျူတာတက္ကသိုလ်အနီး၌ ဇူလိုင်လ ၂၆ ရက် မနက် ၂ နာရီ အချိန်တွင် အဆောင်အတွင်း အိပ်ပျော်နေသည့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ တစ်ဦးအား ပုဆိုးဖြင့် မျက်နှာအုပ်ထားသော လူတစ်ဦးမှာ ချွန်ထက်သောအရာဖြင့် ထိုးသွင်း သွားသောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူသည် အခန်းဖော်နှင့် အဆောင်အတွင်း အိပ်ပျော်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးသည် မျက်နှာအားပုဆိုးဖြင့် စည်းထား၍ အိပ်ခန်းအတွင်းမှ ပစ္စည်းများ ရှာဖွေ နေသည်ကို တွေ့ရှိသောကြောင့် အော်ဟစ်အကူအညီတောင်းခံရာမှ ကျောကုန်းအား ခွ၍ ချွန်ထက်သောအရာဖြင့် ထိုးသွင်းခဲ့သောကြောင့် ကျောကုန်းပျောက်ပြဲဒဏ်ရာ ၁ချက်၊ဝဲလက်မောင်း ပေါက်ပြဲဒဏ်ရာ ဒဏ်ရာ (၂)ချက် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

" အခန်းထဲကို သူခိုးက ဝင်ခိုးနေတယ်။ကလေးက မြင်တော့ အော်ပြီး အကူအညီတောင်းတယ်။ အဲ့ဒီမှာ သူခိုးက ကောင်မလေးကျောပေါ်ခွပြီး လက်ထဲမှာပါလာတဲ့ ချွန်တဲ့အရာနဲ့ထိုးသွားတယ်။ ဓားတော့ မဟုတ်ဘူး။ သွပ်ပြားစလိုလို ဘာလိုလို ချွန်တဲ့အရာတစ်ခုခုနဲ့ ထိုးသွားတာ" ဟု မုံရွာမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျင်စိန်မှ မဇ္ဈိမသို့ ပြောသည်။

အော်ဟစ်အကူအညီတောင်းမှုကြောင့် ဘေးအခန်းရှိလူများနိုးလာချိန်တွင် အဆိုပါ အမျိုးသားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူမှာ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

" မနက် ၁၀ နာရီလောက်က ခွဲခန်းဝင်သွားတယ်။အဓိကပြောချင်တာကတော့ လမ်းပေါ်မှာလဲ မလုံခြုံ၊ အိမ်ထဲနေတာတောင် မလုံခြုံတော့ ကျူလွန်သွားတဲ့သူကို အမြန်ဆုံးဖမ်းဆီးရမိစေချင်ပါတယ်။ အခုဟာက လမ်းပေါ်မှာ ရမ်းကားလိုက်၊အဆောင်တွေထဲထိ ဝင်ရမ်းကားလိုက်ဆိုတော့ ကျူးလွန်တဲ့ သူတွေ၊ဒုစရိုက်မှုတွေ ထပ်မံမဖြစ်ပွားဖို့ ဖော်ထုတ်အရေးယူစေချင်တယ် "ဟု ကျောင်းသူ၏ အစ်ကိုတော်စပ်သူ ကိုမိုးက ပြောသည်။

အဆိုပါ အဆောင်အတွင်းသို့ ဝင်ရောက်၍ အဆောင်သူအား ဒဏ်ရာရရှိအောင်ပြုလုပ်မှုအတွက် မုံရွာမြို့မရဲစခန်းတွင် (ပ)၁၂၂၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၆/၃၂၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly