ရီယူနီယံကျွန်းတွင်တွေ့ရသော တောင်ပံအစိတ်အပိုင်းမှာ ပျောက်ဆုံးခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ Flight MH370 လေယာဉ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြင်သစ်အတည်ပြု

ရီယူနီယံကျွန်းတွင်တွေ့ရသော တောင်ပံအစိတ်အပိုင်းမှာ ပျောက်ဆုံးခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ Flight MH370 လေယာဉ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြင်သစ်အတည်ပြု

ပါရီ၊ စက်တင်ဘာ ၄ ။        ။ စမ်းသပ်စစ်ဆေးမှုများ စတင်ပြီးနောက် တစ်လအကြာ ဝေးလံသော အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ် တွင်တွေ့ရသော လေယာဉ်တောင်ပံ အစိတ်အပိုင်း မှာပျောက်ဆုံးခဲ့သည့် မလေးရှားလေကြောင်းလိုင်း၏ MH370 လေယာဉ်မှ ဖြစ်ကြောင်း ပြင်သစ်အစိုးရရှေ့နေများက စက်တင်ဘာ ၃ တွင် အတည်ပြုပြောကြားခဲ့သည်။

"ဒီကနေ့ သေချာပေါက် ပြောလို့ရနိုင်တာကတော့ ဇူလိုင် ၂၉က ရီယူနီယံကျွန်းတွင် တွေ့ခဲ့ရတဲ့ တောင်ပံအစိတ်အပိုင်းဟာ ပျောက်ဆုံးခဲ့တဲ့ MH370လေယာဉ်က ဖြစ်တယ်ဆိုတာပါပဲ "ဟု ပါရီအစိုးရရှေ့နေများက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့ပြီး လွန်ခဲ့သည့်လအစောပိုင်းက မလေးရှားဝန်ကြီးချုပ်၏ ပြောကြားချက်ကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။

လွန်ခဲ့သည့်နှစ် မတ်လ ၈ ရက်က လူ၂၃၉ ဦးလိုက်ပါသွားခဲ့သော ဘိုးအင်း-၇၇၇ လေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းသို့ပျံသန်းခဲ့ရာ ထူးဆန်းစွာလမ်းကြောင်းပြောင်းလဲကာ ပျောက်ဆုံးသွားခဲ့သည်။

ယင်းလေယာဉ်ပျောက်ဆုံးမှုမှာ လေကြောင်းသမိုင်းတွင် အထူးဆန်းဆုံးဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့ပြီး ဖြစ်နိုင်ဖွယ်လမ်းကြောင်းတစ်လျှောက် ဂြိုဟ်တုအချက်အလက်များကို အခြေခံ၍ အိန္ဒိယသမုဒ္ဒရာတွင် ကြီးမားသည့် ရှာဖွေမှုပြုလုပ်ခဲ့သည်။

ဇူလိုင်လ နှောင်းပိုင်းက ပြင်သစ်ပိုင် ရီယူနီယံကျွန်းပေါ်မှ အမျိုးသားတစ်ဦးသည် ကမ်းခြေတစ်ခုတွင် လာတင်နေသည့် နှစ်မီတာအရှည်ရှိ လေယာဉ်တောင်ပံအစိတ်အပိုင်းတစ်ခုကို တွေ့ရှိခဲ့သည်။ ထို့နောက်ကျွမ်းကျင်သူများနှင့် စစ်ဆေးရန် ပြင်သစ်သို့ လေယာဉ်ဖြင့် ယူဆောင်သွားခဲ့သည်။

ယင်းအစိတ်အပိုင်းမှာ MH370 မှဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က လျင်မြန်စွာကြေညာခဲ့သော်လည်း ပြင်သစ်စုံစမ်းစစ်ဆေးရေးမှူးများကမူ ပိုမိုသတိရှိစွာဖြင့်ဖြစ်နိုင်ခြေ အလွန်များသည်ဟု သာ ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာတွင် ပျက်ကျသည်ဟု အတည်ပြုမှုနှင့် အတူ လေယာဉ်၏ တောင်ပံအစိတ်အပိုင်းတွေ့ရသော်လည်း မည်သည့်နေရာတွင် ပျက်ကျသည်ကို မသိရသေးပေ။ ထို့အပြင် ပျံသန်းမှုမှတ်တမ်းတင် ဘလက်ဘောက်ကိုလည်း မတွေ့ရသေးပေ။ ထူးဆန်းစွာပျောက်ဆုံးမှုနှင့် အတူ များပြားသည့် သီအိုရီများလည်း ပေါ်ထွက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly