ပေါ့ဂ်ဘာအနေဖြင့် ဦးနှောက်နည်းနည်းပိုသုံးရန်လိုအပ်ဟု ပေါလ်စခိုးဆို

ပေါ့ဂ်ဘာအနေဖြင့် ဦးနှောက်နည်းနည်းပိုသုံးရန်လိုအပ်ဟု ပေါလ်စခိုးဆို

ဇူလိုင် ၂၆၊ မန်ချက်စတာ။     ။ ပေါ့ဂ်ဘာအနေဖြင့် ကမ္ဘာ့ဖလားဆုရှင်အဖြစ် အိုးထရက်ဖို့ဒ်သို့ ပြန်ရောက်လာသော်လည်း ထိပ်သီးဘောလုံးသမားတစ်ဦး ပိုပီသလာစေရန် ဦးနှောက်ကို နည်းနည်းပိုသုံးရန် လိုအပ်သည်ဟု ပေါလ်စခိုးက ပြောဆိုလိုက်သည်။

မန်ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးသည် ပြင်သစ်ကစားသမားကို မပြတ်ဝေဖန်နေသူတစ်ဦးဖြစ်ပြီး ယခုအခါတွင်လည်း ယင်းကစားသမားအနေဖြင့် သုံး၊လေးပွဲခန့်မှတစ်ခါ ခြေစွမ်းပြနေသူဖြစ်ကြောင်း ရာသီသစ်မစတင်မီ ပြောဆိုလိုက်ပြန်ခြင်း ဖြစ်သည်။

“ပေါ့ဂ်ဘာအနေနဲ့ ခြေစွမ်းတည်ငြိမ်အောင် ကြိုးစားဖို့လိုတယ်လို့ ထင်ပါတယ်။ သူ့ကိုကြည့်လိုက်ရင် ဒီတစ်ပတ်ကောင်းပေမယ့် နောက်တစ်ပတ်ကျ ကောင်းချင်မှ ကောင်းတယ်။

သူ့ကြည့်ရတာ သုံး၊ လေးပွဲလောက်ကျမှ တစ်ခါ ခြေစွမ်းပြတဲ့ ကစားသမားလို ဖြစ်နေတယ်။ ဖလားရချင်တယ်ဆိုရင်တော့ အဲဒီ ခြေစွမ်းနဲ့ မဖြစ်ဘူး။ မလုံလောက်ဘူး”ဟု ပေါလ်စခိုးက ပြောသည်။

ပေါ့ဂ်ဘာသည် ဂျူဗင်တပ်မှ ပေါင် ၈၉ သန်းဖြင့် မန်ယူနိုက်တက်ထံ ပြန်ပြောင်းလာပြီးနောက် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရုန်းကန်ခဲ့ရသည်။

ကစားခွင့်ရလိုက်၊ မရလိုက်ဖြစ်နေသည့် အသက် ၂၅ နှစ်အရွယ်ကစားသမားအနေဖြင့် ဂျူဗင်တပ်တွင်ရှိစဉ်က ခြေစွမ်း တည်ငြိမ်မှုမျိုးကို ပြန်လည်ပြသနိုင်ခြင်း မရှိသေးပေ။

ပြင်သစ်အသင်း ချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၈ ရုရှ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ပေါ့ဂ်ဘာမှာ ခြေစွမ်းပြ ကစားနိုင်သဖြင့် များစွာချီးကျူး ခံခဲ့ရသည်။

“ဒီကောင်လေးမှာ အရည်အချင်းရှိတာ သံသယရှိစရာမလိုပါဘူး။ ဒါကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြခဲ့ပြီးပြီ။ သူလုပ်နိုင်စွမ်း ရှိတယ်။ သန်စွမ်း ကြံ့ခိုင်တယ်၊ ပြေးနိုင်တယ်၊ နည်းစနစ်ပိုင်နိုင်တယ် စတဲ့ အရည်အချင်းကောင်းတွေရှိတယ်။

ဒါပေမဲ့ ထိပ်သီးဘောလုံးသမားတစ်ယောက် ပိုပီသလာဖို့ဆိုရင်တော့ သူ့ဦးနှောက်ကို နည်းနည်းပိုသုံးဖို့ လိုတယ်”ဟု ပေါလ်စခိုး က ဆိုသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly