တစ်နိုင်ငံလုံးတွင် ရေဘေးသင့်ပြည်သူ ၂ သောင်းနီးပါးခန့် ရှိလာ

တစ်နိုင်ငံလုံးတွင် ရေဘေးသင့်ပြည်သူ ၂ သောင်းနီးပါးခန့် ရှိလာ
Photo- EPA

ရန်ကုန်၊ ဇူလိုင် ၂၆ ။                       ။ မိုးရွာသွန်းမှုများနှင့် မြစ်ရေကြီးမှုများကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးရှောင် ဒုက္ခသည် အရေအတွက်မှာ အနည်းဆုံး ၂ သောင်းနီးပါး အထိရှိလာပြီဖြစ်ဖြစ်ကြောင်း အစိုးရဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများကြောင့် တနင်္သာရီမြို့တွင် အန္တရာယ် ရေအမှတ်သို့ရောက်ရှိကာ လူ ၅၀၀၀ ကျော်၊ ကရင်ပြည်နယ်တွင် လူ ၉၀၀၀ ကျော်နှင့် ယခု ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင်လည်း လူ ၃၀၀၀ ကျော်ရေဘေး တိမ်းရှောင်နေရပြီဖြစ်သည်။

“ တစ်ဖြည်းဖြည်းနဲ့တော့ အိမ်ခြေတွေတိုးတိုးလာတယ်။ ၂၇ ဆို အန်တီတို့ဆီမှာက လပြည့်ဆိုတော့ ရေထ တာပေါ့။ ဆိုတော့ အိမ်ခြေက ၅၀၀ နီးပါးဖြစ်ပြီး လူက ၃၀၀၀ နီးပါးဖြစ်လာ ပြီ “ ဟု ရွှေကျင်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းကပြောသည်။

ယမန်နေ့ ဇူလိုင် ၂၅ ရက် ရွှေကျင်မြို့တွင် လူ ၁၄၀၀ ကျော် ရေဘေးရှောင်နေရကာမှ ဇူလိုင်လ ၂၆ ရက်တွင် လူနှစ်ဆခန့်တိုးလာခဲ့ခြင်းဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်နေရာတချို့တွင်လည်း ရေကြီးမှုများဖြစ်ပေါ်နေပြီး တိုင်းနှင့် ပြည်အသီးသီးတွင် လူ ၂၀၀၀၀ နီးပါးအတွက် ကယ်ဆယ်ရေးစခန်း အခု ၃၀ ခန့် ဖွင့်လှစ်ထားရှိကြောင်းလည်းသိရသည်။

တနင်္သာရီမြို့တွင် ရပ်ကွက် ၂ခုနှင့် ကျေးရွာ ၂၅ ရွာ၊ ကရင်ပြည်နယ်တွင် မြို့နယ် ၅ ခု နှင့် ပဲခူတိုင်းတွင် ရပ်ကွက် ၈ခုနှင့် ကျေးရွာများ ရေနစ်မြှုပ်နေခြင်း လည်းဖြစ်သည်။

ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင် အစိုးရအဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်အမတ်များ နှင့် ပရဟိတအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင် နေသော်လည်း အချို့သွားလာရခက်ခဲသည့်ကျေးရွာအချို့ရှိ ပြည်သူများအနေဖြင့် ယနေ့အချိန်ထိ အကူအညီမရရှိသေးကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly