မတရားကျင့်ခံရသူ မသန်စွမ်းတို့၏ ဝန်ထုပ်ဝန်ပိုး

မတရားကျင့်ခံရသူ မသန်စွမ်းတို့၏ ဝန်ထုပ်ဝန်ပိုး
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ မတရားပြုကျင့်ခံရသော မသန်စွမ်းအမျိုးသမီးတစ်ဦး (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

 

မတရားပြုကျင့်ခံရသော မသန်စွမ်းသူတို့အတွက် တရားမျှတမှု ဖော်ဆောင်ခြင်းသည် သန်စွမ်းသူတို့အရေး ဆောင်ရွက်ပေးရခြင်းထက် ပိုမို ခက်ခဲနေသည်

 

(ကျောင်းကုန်း) — မျဉ်းနှစ်ကြောင်း ပြထားသည့်ဆီးစစ်တံအဖြေကတစ်နေ့တခြား ဗိုက်ပူလာသော၊ ၁၇ နှစ် အရွယ်သမီးငယ်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသဖြင့် မိခင်ဖြစ်သူ တုန်လှုပ်သွားသည်။

မွေးရာပါ ကိုယ်အင်္ဂါ မသန်စွမ်းသော ဆယ်ကျော်သက်သမီးက သူ့ကို ကြိုးတုပ်၊ ဓားထောက်ပြီး မကြာခဏ မုဒိမ်းကျင့်သူမှာ ခြံချင်းကပ်နေထိုင်သူ အဘိုးဝမ်းကွဲဖြစ်သည်ဟု ပြောပြရာ ပို၍ တုန်လှုပ်သွားရသည်။

“ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ ရဲတွေကမေးတော့ သေခါနီးမို့ရိက္ခာယူတာ ဆိုပြီး ကျွန်မရှေ့မှာပဲဖြေတယ်” ဟု မိခင်ဖြစ်သူက မချိတင်ကဲပြောသည်။

ဧရာဝတီတိုင်းဒေသကြီးထဲမှ သူတို့၏ ဓနုံးချောင်းရွာသည် တရားရုံးတည်ရှိရာ ကျောင်းကုန်းမြို့နယ်နှင့် ဆယ်မိုင်ဝေးကွာသည်။အမှုရင်ဆိုင်နေရသည့်ကာလ  တစ်နှစ်ကျော်လာချိန်တွင် လမ်းစရိတ် အခက်အခဲကြောင့် တရားခွင်သို့ မသွားနိုင်တော့ပေ။

တုန်လှုပ်ဖွယ် ဖြစ်ရပ်များ၊ နွမ်းပါးမှုနောက်ဆက်တွဲ အခက်အခဲများမှာ မတရားကျင့်ခံရသူတို့ ရင်ဆိုင်ကျော်ဖြတ်ရလေ့ရှိသည့် အခြေအနေများ ဖြစ်ကြသည်။ မတရားကျင့်ခံရသူမှာ မသန်စွမ်းသူ ဆိုပါက ကြုံတွေ့ရသော အခက်အခဲ၊ အဟန့်အတားတို့ ပိုမို များပြားနေသည်ကို တွေ့ရသည်။

ရဲစခန်းနှင့် တရားခွင်

မသန်စွမ်းမှုကြောင့် မတ်တပ်ပင် အနိုင်နိုင်ရပ်နေရသည့် ကျောင်းကုန်းမှ အဆိုပါ ဆယ်ကျော်သက်မိန်းကလေးမှာ ကိုယ်ဝန်ရင့်လာချိန်အထိ ခြံဝန်းထဲတရွတ်တိုက်သွားလာနေတတ်သည်၊ မတ်တပ်ထရပ်ပြီး ပြန်လဲကျမှု မကြာခဏ ဖြစ်ပွားသော်လည်း မေလက မီးဖွားသောအခါ ကလေးရော မိခင်ပါ အန္တရာယ် မဖြစ်ခဲ့ပေ။

ကိုယ်ဝန်ဆောင်ကာလ ဝေဒနာကြောင့် ကလေးကို စွန့်ပစ်မည်ဟု  ရည်ရွယ်ခဲ့သော်လည်း မီးဖွားပြီး နောက်ပိုင်းတွင်မူမွေးစားရန်တောင်းသူတို့ကို ဆယ်ကျော်သက် မိခင်က အနားအကပ်မခံတော့ပေ။

“မပေးတော့ဘူး။ ကလေးကို ချစ်လို့။ မီးက သူ့ကိုကျောင်းတက်ခိုင်းမှာ” ဟု မိန်းကလေးက အိပ်မောကျနေသော ဖြူဖွေးတုတ်ခိုင်သည့် သားငယ်ကို တစိမ့်စိမ့် ကြည့်ကာ ပြောသည်။ ကလေး ပြုတ်မကျစေရန်လည်း သူ၏ကောင်းစွာလှုပ်ရှားနိုင်သော ဘယ်ဘက်လက်ဖြင့်အားပြုပွေ့ချီထားသည်။ သူ့ကလေးငယ် နှုတ်ခမ်းစူသွားပုံ၊ မျက်မှောင်ကြုံ့သွားပုံကို ကြည့်မဝ ဖြစ်နေခြင်းတို့က သူ့တွင် မိခင်စိတ် အပြည့်အဝရှိကြောင်း ပြသနေသည်။

မတရားကျင့်ခံရမှုများတွင် ၎င်းတို့သည် သန်စွမ်းသူတို့ထက် ပိုမို ခက်ခဲသည့် အနေအထားနှင့် ကြုံတွေ့ရကြောင်းကိုထိုမြို့မှ အခြားဖြစ်ရပ်ဆိုးတစ်ခုတွင် ပိုမို သိသာစွာ တွေ့ရသည်။

ကျောင်းကုန်းမှရှစ်မိုင်ခန့်ကွာဝေးသည့်ဂဏိမ်းလေးကျေးရွာတွင် ဆယ်ကျော်သက် မသန်စွမ်းအမျိုးသမီးမှာ မကြာခဏ ပျို့အန်သဖြင့် ဆေးခန်းပြ ကုသမှု ခံယူရာ ကိုယ်ဝန်ငါးလ ရှိနေကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

မောင်နှမများက ထိုကိုယ်ဝန်မှာ မည်သူ့လက်ချက်ဖြစ်ကြောင်းအထပ်ထပ်  မေးမြန်းရာ  ပြီးခဲ့သည့်အောက်တိုဘာလ အလှူတစ်ခုတွင် သွားရောက်လုပ်အားပေးစဉ် အမျိုးသားကြီးတစ်ဦးက   ခြိမ်းခြောက် ပြုကျင့်ခဲ့သည်ဟုပြောပြသည်။ကိုယ်ဝန်ရပြီးနောက်ပိုင်း လမစေ့ဘဲမွေးခဲ့ရသည့် ကလေးမှာ အဖက်မတင်ခဲ့ပေ။

ထို မုဒိမ်းမှုကို ကိုင်တွယ်ခဲ့သည့် ကျောင်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဦးမြင့်အောင်က မသန်စွမ်းသူတို့၏ အမှုအခင်းပတ်သက်ပြီးအများ သတိမထားမိကြသည့် လုပ်ထုံးလုပ်နည်းတချို့ကို   ကျော်ဖြတ်ရသည်ဟု ရှင်းပြသည်။

မတရားပြုကျင့်ခံရသည်ဟု တိုင်ကြားလာသူ မသန်စွမ်းသူအတွက် အမှုဖွင့် စစ်ဆေးပေးနိုင်ရေးအတွက် မသန်စွမ်းကြောင်း၊ ဉာဏ်ရည်မပြည့်ကြောင်း သက်ဆိုင်ရာဆရာဝန်၏   ဆေးစစ်ချက်၊ ထောက်ခံချက်တို့လိုအပ်သည်ဟု ဆိုသည်။

မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရစဉ်  တရားခံရှေ့နေ၏ အကဲဆတ်လွန်းသော မေးခွန်းတို့နှင့် ရင်ဆိုင်ရသည်၊  ဖြစ်ရပ်ဆိုးအကြောင်း၊ သူနာကျည်းသောသူအကြောင်းအများရှေ့တွင် ပြန်ရှင်းပြရန် မဝံ့မရဲဖြစ်၊ ခက်ခဲလွန်းနေသည်ဟု သူ၏အစ်ကိုထံမှ သိရသည်။

“ဖြစ်စေချင်တာက တရားရုံးမှာလည်း လူကြီးတွေမေးရင် ကျွန်တော်တို့မောင်နှမတွေကို ပြောပြသလိုပဲ အကုန်ပြောပြ။ သူကတရားရုံးရောက်ရင် မပြောတော့ဘူး။ အိမ်ကျရင်ပြောပြီ” ဟု အစ်ကိုဖြစ်သူက အားမလိုအားမရ ဆိုသည်။

ဤအခြေအနေမျိုးကိုမသန်စွမ်းသူ အများအပြားတွင် တွေ့ရလေ့ရှိသည်ဟု မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ချုပ်မှ ကိုနေလင်းစိုးက ပြောသည်။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာမသန်စွမ်းမှု၊  သာမန်လူထက် ဉာဏ်ရည်နည်းပါးမှု၊ မိသားစုသို့ပြန်ပြောပြရန်ခက်ခဲမှု စသည့် အားနည်းချက်တို့ ရှိနေတတ်ပုံကို  မတရားပြုကျင့်လိုသူတို့က သဘောပေါက်ပြီး ပစ်မှတ်ထား ကျူးလွန်ကြခြင်း ဖြစ်နိုင်သည်ဟု ကိုနေလင်းစိုးက သုံးသပ်သည်။

ကျူးလွန်သူအတွက် အားသာချက်

မသန်စွမ်းသူတို့အတွက်  သက်သေခံ ကတ်ပြား မှတ်ပုံတင် ထုတ်ဝေပေးထားနိုင်လျှင် ၎င်းတို့ကို ကူညီရာတွင် ပိုမို အထောက်အကူဖြစ်မည်ဟု ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ထူးထူးအောင်က ပြောသည်။

 “မသန်စွမ်းအိုင်ဒီကတ် (သက်သေခံကတ်ပြား) ရသွားရင်တော့ ကျွန်မတို့ အမှုတည်ဆောက်တဲ့အခါမှာ အရမ်း သုံးဝင်တယ်။ မသန်စွမ်းတွေက ဥပဒေပါ အခွင့်အရေးရဖို့က အိုင်ဒီကတ်ရဖို့ အရမ်း လိုအပ်နေတာလေ။ ဒါပေမယ့် နည်းဥပဒေ ဘာလို့မထွက်သေးတာလဲ ဆိုတာတော့ မပြောတတ်ဘူး” ဟု မြစ်ဝကျွန်းပေါ်ဒေသရှိ မသန်စွမ်းများအရေး လိုက်ပါဆောင်ရွက်နေသည့်   ဒေါ်ထူးထူးအောင်က  ပြောသည်။

သက်သေခံကတ် အရေးပါခြင်း၊  မသန်စွမ်းသူတို့အတွက် တရားမျှတမှု ဖော်ဆောင်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို အမှုလိုက်ရှေ့နေ၊ ရဲအရာရှိတို့ကလည်း  သိနားလည်ခြင်း၊ စိတ်ဝင်စားခြင်း အားနည်းသည်ဟု သူက ဆက်ပြောသည်။

ပညာရေးစနစ် အားနည်းချက်တချို့ကြောင့်လည်းကောင်း၊ စာသင်ကျောင်း အများအပြား၏ လစ်လျူရှုမှုကြောင့် လည်းကောင်း  မသန်စွမ်းသူတို့ ကျောင်းတက် ပညာသင်ကြားရေးမှာ ခက်ခဲနေသည်။ ဤအခြေအနေတွင် မိဘ၊ အုပ်ထိန်းသူ အများအပြားကလည်း ၎င်းတို့၏ပညာသင်ယူရေးကို အားပေးမှု နည်းပါးလာသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ရုံးပိုင်းဒါရိုက်တာ ဦးညွှန့်အောင်က   မသန်စွမ်းသူတို့သည် ကိုယ်ခန္ဓာအစိတ်အပိုင်း သို့မဟုတ်ဉာဏ်ရည်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုရှိသည် ဟူသော ခံစားချက်ကြောင့်   ရှက်ရွံ့တတ်ကြသည်၊ အုပ်ထိန်းသူတို့ကလည်း ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ဖြတ်တောက်တတ်ကြသည်ဟု ပြောသည်။

ထိုသို့ဖြတ်တောက်သည့်အခါ ပတ်ဝန်းကျင်နှင့်တုံ့ပြန်မှုအားနည်းသွားသည့်အတွက် စဉ်းစားတွေးခေါ်မှုပိုင်း အားနည်းလာတတ်သည်ဟု ဆိုသည်။

၂ဝ၁၆ မှ ၂ဝ၁၈ ဇွန်လအထိ နိုင်ငံအနံှ့အပြားတွင် မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့် ခံရမှု ၂၇ ခုနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို စုဆောင်း ရရှိထားသည်ဟု ဤဖြစ်ရပ်များအကြောင်း စစ်တမ်းကောက်ယူနေသည့် iSchool-Myanmar အဖွဲ့ထံမှ သိရသည်။

စာရင်းသွင်း မှတ်တမ်းမတင်ရသေးသည့် ဖြစ်ရပ်လည်း အများအပြား ရှိနိုင်သည်ဟု မသန်စွမ်းသူများအရေးဆောင်ရွက်သည့်အဖွဲ့များက ယုံကြည်ကြသည်။

၂ဝ၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူ အများဆုံး နေထိုင်ရာမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ဒုတိယ အများဆုံးမှာ ချင်းပြည်နယ်ဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်ရှိပြီး ထိုအထဲတွင်   ၄ ဒသမ ၆ ရာခိုင်နှုန်းသည်မသန်စွမ်းသူများ ဖြစ်ကြသည်။

အမြင်အာရုံချို့တဲ့သူ ၁,၂၄၉,၇၃၇၊ အကြားအာရုံချို့တဲ့သူ ၆၇၃,၁၂၆၊ ဉာဏ်ရည် မသန်စွမ်းသူ ၈၃၅,၅၉၈၊ ခန္ဓာကိုယ်မသန်စွမ်းသူ ၉၅၇,၇၃၆ စသဖြင့် မသန်စွမ်းသူ အရေအတွက်နှင့် အမျိုးအစားကို သန်းခေါင်စာရင်းတွင် တွေ့ရသည်။

ပိုမိုကြန့်ကြာမှု

သက်ကယ်ကုန်းကျေးရွာမှ၃၃ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးတစ်ဦးသည်   နေ့စားသုံးထောင်နှုန်းဖြင့် လယ်ယာလုပ်ငန်းခွင် ဝင်စဉ် အသက် ၆ဝဝန်းကျင် အမျိုးသားက အဓမ္မပြုကျင့်ခဲ့သည်ဟု မိခင်ဖြစ်သူထံမှ သိရသည်။

“ဒီလိုကျုးလွန်ခံရပြီးတာတောင် ရဲစခန်းကအဲ့ဒီကောင်ကို ချက်ချင်းမဖမ်းဘူး။ ရွာထဲပဲအဲ့ဒီကောင်က လျှောက်သွားနေတာ” ဟု မိခင်ဖြစ်သူကပြောသည်။

တိုင်ကြားပြီး ၁ဝ ရက်အကြာတွင် ရဲစခန်းက သွားရောက်ဖမ်းဆီးခဲ့သည်ဟု  မိန်းကလေးကို ဝန်းရံပေးနေသည့် ကျောင်းကုန်းမြို့နယ်မှ ဒေါ်သန္တာလှိုင်ကပြောသည်။

ပြုကျင့်ခံရပြီးနောက် ရဲတပ်ဖွဲ့သို့တိုင်ကြားရာတွင်လည်း တခြား မုဒိမ်းမှုများထက်   ပိုမိုရှုပ်ထွေးသည့် အဆင့်တချို့ကိုကျော်ဖြတ်ခဲ့ရကြောင်း ပရဟိတလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည့် ဒေါ်သန္တာလှိုင်က ရှင်းပြသည်။

ရဲစခန်းတွင် တိုင်ကြားသည့်အခါ ဉာဏ်ရည်မပြည်မှီကြောင်း ဆရာဝန်၏ထောက်ခံစာ တောင်းသည့်အတွက် ၎င်းတို့သည် မြို့နယ်ဆေးရုံ၊ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ခဲ့ရသည်။  နောက်ဆုံးတွင် ရန်ကုန်မြို့စွန်ရှိရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် စမ်းသပ် စစ်ဆေးစစ်မှုခံယူရသည်ဟု ဆိုသည်။

ထိုသို့ အဆင့်ဆင့်ဖြတ်ကျော်ပြီးမှသာ ရဲစခန်းတွင်အမှုဖွင့်ပေးသည်ဟု သိရသည်။

ယခုအခါ ကိုယ်ဝန် ငါးလ ရှိနေချိန်တွင် မွေးဖွားစရိတ် လိုနေသည်ကို တွေ့ရကြောင်း အိမ်နီးချင်း အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

“မွေးခါနီးဖွားခါနီးဆိုတော့ အရင်လိုအလုပ်မလုပ်နိုင်တော့ဘူး။ အရပ်ထဲတော့ဒီလိုပဲ … ဟိုလူ့ဆီကလှည့်၊ ဒီလူ့ဆီကလှည့်နဲ့ စားသောက်နေကြတာပါပဲ” ဟု ထိုအမျိုးသမီးက ရှင်းပြသည်။

ရန်ကုန်အခြေစိုက် iSchool-Myanmar အဖွဲ့မှ သုတေသနအရာရှိ နော်ဇာဖြူခန့်ကမသန်စွမ်းသူအဓမ္မပြုကျင့်ခံရမှုကို  လူမှုဝန်ထမ်းဦးစီးဌာနသို့ တိုင်ကြားရာတွင်လည်း မြို့နယ်မှ ရုံးချုပ်သို့ သတင်းရောက်ရှိရန် အဆင့်ဆင့်ကြန့်ကြာမှုများရှိနေသည်ဟု ဆိုသည်။

“မသန်စွမ်းဖြစ်တာကိုရှက်ကြောက်နေရာက ဒီလိုကိစ္စတွေ(အဓမ္မပြုကျင့်ခံရမှု) တွေထပ်ဖြစ်တော့ ပိုပြီးရှက်ကြောက်ကြတယ်။  သက်ဆိုင်ရာကနေဥပဒေနဲ့အညီထပ်လုပ်မယ်ဆိုလည်း ငွေကုန်ကြေးကျခံရမှာရယ် မိသားစုကငြိုငြင်မှာစိုးတာရယ်နဲ့ သူတို့ပြန်မပြောတော့ဘူး။ တိတ်ဆိတ်နေကြတယ်” ဟု နော်ဇာဖြူခန့်ကရန်ကုန်မြို့ရှိ သူ၏ ရုံးခန်းတွင် ပြောသည်။

“အထူးအဆန်းကြီးလို့ သူတု့ိစိတ်ထဲမထင်ဘူး။  သူများ ဖြားယောင်းချင် ဖြားယောင်းပေမယ့် သူတို့စိတ်ထဲ ဒါကို ပျော်ရကောင်းမှန်း၊ အကောင်းအဆိုးမှန်း နားမလည်ဘူး။ ရုပ်ပိုင်းဆိုင်ရာအရလည်း ဆရာဝန်တွေဆီ သွားတဲ့အခါမှသာ ဒီလို ကိုယ်ဝန်တွေရှိနေမှန်း သူတု့ိသိရတာမျိုးတွေ ဖြစ်တတ်ပါတယ်” 

မသန်စွမ်း အမျိုးသမီး အများစုသည် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်ကို ထုတ်ဖော်မပြောတတ်ခြင်း၊ခန္ဓာကိုယ်ပြောင်းလဲမှုကိုလည်း သတိမမူတတ်ကြခြင်းတို့ကြောင့် မတရားပြုမှုအန္တရာယ် မကျရောက်စေရေးအတွက် အုပ်ထိန်းသူများ၊ ပတ်ဝန်းကျင်တွင် နေထိုင်သူများက သတိထားပြီး ဖေးမ ကူညီ စောင့်ရှောက်သင့်သည်ဟု နော်ဇာဖြူခန့်က ပြောသည်။     ။

Mizzima Weekly