ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး တောင်းဆိုနေသည့် ဒေသခံခေါင်းဆောင် အချို့ကို ၀င်ရောက်ဖမ်းဆီး

ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး တောင်းဆိုနေသည့် ဒေသခံခေါင်းဆောင် အချို့ကို ၀င်ရောက်ဖမ်းဆီး
ဇူလိုင်လ ၂၃ ရက်က ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးစီမံကိန်းအား ကန့်ကွက်ရန် လာရောက်ကြသည့် အောင်သပြေကျေးရွာ ဒေသခံများကို တားဆီးရန် မန္တလေး-မတ္တရာ လမ်းမပေါ်၊ရွှေကျင်လမ်းဆုံတွင် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဇူလိုင် ၂၅ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ အကောင်အထည်ဖော်နေသော   ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ အပြီးပိုင်ဖျက်သိမ်းပေးရေး တောင်းဆိုနေကြသည့် ဒေသခံများထဲမှ ခေါင်းဆောင်များကို ဇူလိုင်လ ၂၅ ရက်၊နံနက် ၉နာရီခန့်က ရဲတပ်ဖွဲ့က အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံများ ပြဿနာဖြစ်ပွားခဲ့သည်ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေသခံ ဦးရွှေအုန်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များက အောင်သပြေကျေးရွာသို့ နံနက် ၈ နာရီခန့်တွင်ရောက်ရှိလာပြီး ဦးရွှေအုန်းကို ဝင်ရောက် ဖမ်းဆီးရာ ရွာသူ၊ရွာသားများက တားဆီးခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ စီမံကိန်း အပြီးပိုင်ဖျက်သိမ်းပေးရေး ကန့်ကွက်တောင်းဆို နေသည့်သူများအနက် ဦးသန်းပိုင်၊ေ ဒါ်အေး၊ ဒေါ်မြမြ၊ ဦးမင်းနိုင်၊ ဦးမောင်ကို၊ ဦးသာဌေးနှင့်ဒေါ်ငြိမ်းဌေးတို့ကို လမ်းတံတား ဥပဒေ ၂၂ ဖြင့်လည်းကောင်း၊ ဦးရွှေအုန်း၊ ဦးဝင်းဇော်လတ်၊ ဒေါ်ငြိမ်းဌေး၊ ဒေါ်ဝင်းမာသန်း၊ ဒေါ်ရင်ရင်အောင်တို့အား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၉ တို့ဖြင့်လည်းကောင်း အမှုဖွင့်ခံထားရကြောင်း ပုသိမ်ကြီးမြို့နယ်၊ ရဲတပ်ဖွဲ့မှတ်တမ်းအရသိရသည်။

"ကျွန်တော်တို့ ခေါင်းဆောင်တွေမှာ အပြစ်မရှိဘူး။ ဒါ့ကြောင့် အဖမ်းမခံနိုင်ဘူး။ ကျွန်တော်တို့ရွာက မူးယစ်ဆေး မှောင်ခိုလုပ်နေတာလည်း မရှိဘူး။ ဒါကို ရဲအင်အားနဲ့ လက်နက်တွေနဲ့လာတယ်။ ပစ်ရင်လည်း ခံရုံပဲ။ ကျွန်တော်တို့ ရွာသူရွာသားတွေ တစ်ယောက်မှ အထိမခံနိုင်ဘူး။"ဟု အောင်သပြေရွာသား ကိုဝင်းကိုကိုက ပြောသည်။

ရဲအင်အားသုံး ဖမ်းဆီးအရေးယူမှုများပြုလုပ်ခံနေရသော်လည်း ဒေသခံများအနေဖြင့် စက်ရုံ တည်ဆောက်နေသည့်စီမံကိန်း အပြီးအပိုင် ဖျက်သိမ်းပေးရေး ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly