မင်းဘူးတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းဟု ဆို

မင်းဘူးတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းဟု ဆို

မင်းဘူး၊ ဇူလိုင် ၂၅ ။             ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ပဲတီစိမ်းသီးနှံ၊ ရေဆင်း(၁၄)မျိုးစေ့ထုတ် စိုက်ခင်းဧက ၁၅၀ ကို စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေကြောင်း မင်းဘူးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်း ထံမှ သိရသည်။

သီးကုန်းကျေးရွာအုပ်စု၊ကွင်းအမှတ်(၁၃၇၅/ခ)တွင် တောင်သူ(၂၉)ဦးမှ စိုက်ဧက(၁၀၀) ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့်ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ P-4 Project တို့ပူးပေါင်း၍ သီးကုန်းကျေးရွာတွင် တောင်သူ (၁၂) ဦးမှ(၂၅)ဧက ၊ မုန်ထောင်ကျေးရွာတွင် တောင်သူ(၁၅)ဦးမှ (၂၅)ဧက ၊ စုစုပေါင်းတောင်သူ(၅၆)ဦးမှ မျိုးစေ့ထုတ် စိုက်ဧက (၁၅၀)ကို ဖော်ဆောင်နေခြင်းဖြစ်သည်။

“ ကိုယ့်ဒေသမှာ ရေ၊မြေ၊ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ အလွယ်တကူရရှိဖို့ ၊ စိုက်ပျိုးချိန် ရောက်ပြီ ဆိုရင် အခြားကနေဈေးကြီးပေးဝယ်ရတာမျိုးမကြုံဘဲ မျိုးစေ့ရော ၊ ဈေးနှုန်းပါ မှန်မှန် ကန်ကန်နဲ့ အချိန်မီရနိုင်ဖို့ ၊ ဒီလို မျိုးကောင်းမျိုးသန့်တွေထားရှိစိုက်ပျိုးခြင်းကြောင့် ဈေးကွက်မှာယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တွေ ရရှိဖို့ ၊ ဝင်ငွေတွေတိုးလာဖို့ ဒီလိုတွေရည်ရွယ်ပြီး မျိုးသန့်မျိုးပွားစံကွက်တွေ ဆောင်ရွက် နေရခြင်း ဖြစ်ပါတယ်။ ပဲတီးစိမ်းနဲ့ဆိုင်တဲ့ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းတွေရစေဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ် ” ဟု မင်းဘူးမြို့နယ်မှ စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်း က ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်  မျိုးစေ့များကိုအခမဲ့ထောက်ပံ့ပေးထားပြီး စိုက်ပျိုးချိန်မှစ၍ ယနေ့ထိ ကွင်းဝန်ထမ်းများက လာရောက်အကူအညီပေးနေကြောင်းလည်း သီးကုန်းကျေးရွာမှ မျိုးစေ့ထုတ်တောင်သူ ဦးမျိုးညွန့်က ဆိုသည်။

မျိုးစေ့ထုတ်စိုက်တောင်သူများအတွက် သမဝါယမဦးစီးဌာနှင့်ပူးပေါင်းကာ ပဲတီးစိမ်းမျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်း ဖွဲ့စည်းပေးခြင်း ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ် သင်တန်းများ ပေးခြင်းတို့ကို လုပ်ဆောင်ထားရှိပြီး စိုက်ပျိုးရေးဆိုင်ရာ တိုင်း/ခရိုင်ပညာပေးအဖွဲ့များနှင့်ပူးပေါင်း၍ မျိုးကွယ် ပယ်ခြင်း နှင့် မျိုးစေ့ဆိုင်ရာစစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly