အွန်လိုင်းပေါ်က တရားမဝင်ဇာတ်ကားတွေကို ပြတ်ပြတ်သားသားအရေးယူဖို့ ဇာဂနာ တောင်းဆို

အွန်လိုင်းပေါ်က တရားမဝင်ဇာတ်ကားတွေကို ပြတ်ပြတ်သားသားအရေးယူဖို့ ဇာဂနာ တောင်းဆို

ရန်ကုန် ဇူလိုင် ၂၅ ။           ။ အွန်လိုင်းပေါ်မှာ ရုပ်ရှင်ဇာတ်ကားတွေ တရားမဝင်ပျံ့နှံ့နေတာကို ပြတ်ပြတ်သားသားအရေးယူပေးဖို့ သရုပ်ဆောင် ဇာဂနာက တောင်းဆိုလိုက်ပါတယ်။

"မပြောဘူးလို့ နေတာ၊ မနေနိုင်တော့ပြောပါမယ် " ဟူ၍ အစချီကာ ဇူလိုင်လ ၂၅ ရက်နေ့က မောင်သူရ(ခ) ဇာဂနာက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့တာဖြစ်ပါတယ်။

“ပြတ်ပြတ်သားသား စံပြအရေးယူပေးပါ။ ၆၆ (ဃ) လောက်က အာ မစွတ်ပါဘူး။ လူတစ်ယောက် ထောင် မကျစေချင်ပါဘူး။ ကျွန်တော်ချစ်တဲ့ ရုပ်ရှင်အဖွဲ့အစည်း အသိုင်းအဝိုင်းတစ်ခုလုံး နစ်နာစေတဲ့အတွက် ရင်နာနာနဲ့ တောင်းဆိုတာပါ” လို့ ဇာဂနာက ရေးသားထားပါတယ်။

ဒါ့အပြင် ပြသခွင့်လိုင်စင်ထုတ်ပေးတဲ့ ပြန်ကြားရေးနဲ့ ရုပ်ရှင်အစည်းရုံးကိုလည်း ဘယ်ရုံမှာ ဘယ်လို စက် အမျိုးအစား၊ ဘယ်လိုပရိုဂျက်တာတွေ နဲ့ပြနေတာဆိုတာကိုသိရက်နဲ့ လိုင်စင်ထုတ်ပေးခဲ့တဲ့ အကြောင်းလည်း ရေးသားထားပါတယ်။

“ရုံတင်ဆဲ ရုံတင်ပြီးတွေ ခိုးကူးခံရတယ်။ ပြသလိုင်စင် ထုတ်ပေးသူတွေက ပြန်ကြားရေးနဲ့ရုပ်ရှင် အစည်းအရုံး က လူတွေပါ။ မြန်မာတစ်ပြည်လုံး ၇၁ ရုံပိတ်ကား ၁၂၁ ပဲ ရှိပါတယ်။ ဘယ်ရုံ ဘာနဲ့ ပြနေတယ်။ တိတိကျကျ ပြောရရင် ဘယ်လိုစက် အမျိုးအစား၊ဘယ်လို ပရိုဂျက်တာတွေနဲ့ ပြနေတယ် ဆိုတာ သိရက်သားနဲ့ လိုင်စင်ထုတ်ပေးခဲ့ကြတယ်။" လို့ ဇာဂနာက ဆိုထားပါတယ်။

ဒီလိုကိစ္စတွေကြောင့် အနုပညာရှင်တွေအနေနဲ့ အနုပညာဖန်တီးရာမှာ ကျီးလန့်စာစားနေရတဲ့ အဖြစ်မျိုး ရောက်နေပြီလို့လည်း ဒါရိုက်တာခရစ္စတီးနားခီက ပြောထားဖူးပါတယ်။

"အမှန်အတိုင်းပြောရရင် အနုပညာဖန်တီးတဲ့နေရာမှာ ကျွန်မက ကျီးလန့်စာစားနေရတဲ့အဆင့်မျိုး ရောက်လာပါတယ်။ အဲဒီတော့ စိတ်မကောင်းဘူး" လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင်လ ၇ ရက် နေ့က ရန်ကုန်မြို့၊ City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတယ် လို့ သိရပါတယ်။

လတ်တလောမှာတော့ ရုံတင်ပြသရခြင်းမရှိသေးတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ “ဇာတိမြေ” ရုပ်ရှင် ကားကြီး လည်း ဇာတ်ကားအစ/အဆုံး အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ယခင်ကလည်း ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီးမှစတင်ပြီး ရုံတင်နေဆဲမှာပဲ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ဖူးတယ်လို့ သိရပါ တယ်။

အဲဒီလို ရုပ်ရှင်ဇာတ်ကားတွေ ပျံ့နှံ့ခဲ့တာနဲ့ ပတ်သက်ပြီး အခုထိတစ်စုံတယောက်ကိုမှ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly