သရုပ်ဆောင်သီဟတင်စိုးအမှု ဥပဒေအရာရှိထံ အကြံတောင်းထားဟုဆို

သရုပ်ဆောင်သီဟတင်စိုးအမှု ဥပဒေအရာရှိထံ အကြံတောင်းထားဟုဆို

ရန်ကုန် ဇူလိုင် ၂၅ ။           ။ သရုပ်ဆောင် သီဟတင်စိုးကို စွဲဆိုထားသောအမှုအတွက် ဥပဒေအရာရှိထံ အကြံတောင်းခံထားကြောင်း သုဝဏ္ဏနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းနိုင်က ဇူလိုင်လ ၂၅ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

အိမ်အကူ ဒေါ်ခင်မာမြင့်က အဓမ္မပြုကျင့်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးကို ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းတွင် သုဝဏ္ဏနယ်မြေရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး ယင်းအမှုမှာ ပိတ်သိမ်းထားခြင်းမရှိသေးသောကြောင့် ဥပဒေအရာရှိထံ ဥပဒေအကြံတောင်းခံထားရခြင်း ဖြစ်သည်။

"အကြံတောင်းတင်ထားတယ်ဗျ။ မြို့နယ်ဥပဒေအရာရှိဆီကို၊သူ့ဆီက အကြံတောင်း ပြန်ကျလာရင်တော့ လုပ်သင့်တာ လုပ်သွားမှာပါ" ဟု သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းနိုင်က ပြောသည်။

အိမ်အကူ ဒေါ်ခင်မာမြင့်သည် ယင်းအမှု၌ လိမ်လည်တိုင်ကြားထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် ပွဲစားဖြစ်သူ ဒေါ်ညိုနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။

"ဒီအမှုက စစ်ဆေးဆဲဆိုတော့ သူ ဝန်ခံထားတာတစ်ပိုင်းပေါ့၊ ဒီဘက်က အမှုကိုအဆုံးသတ်ဖို့ကျတော့ ကျွန်တော် အကြံံတောင်းတင်ထားတယ်။ အဲဒါ ကျလာမှ ဥပဒေနဲ့အညီဆောင်ရွက်သွားရမှာပေါ့။ အမှုက ဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်" ဟု ရဲအုပ်သန်းနိုင်က ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်များအတွက် ဇူလိုင်လ ၂၅ ရက်(ယနေ့)တွင် ကာယကံရှင်သရုပ်ဆောင် သီဟတင်စိုး နှင့် ဇနီး သရုပ်ဆောင်ဇင်မာဦးတို့မှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အထမြောက်ခြင်း မရှိခဲ့ပေ။

" ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးကို ကိုသီဟဘက်က ဘာမှအကြောင်းကြားတင်ပြထားတာမှ မရှိသေးပါဘူး။ ဒီနေ့ သတင်းစာရှင်းလင်း ပွဲလည်းမရှိပါဘူး" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

အိမ်အကူ၏ စွပ်စွဲခြင်းကို ခံခဲ့ရသော သရုပ်ဆောင်သီဟတင်စိုးသည် နယ်ချဲ့တော်လှန်ရေးဇာတ်ကား များဖြင့် နယ်ပရိသတ်များ၏ အထူးအားပေးမှုခံခဲ့ရသူဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ငရဲသားဇာတ်ကား ၊ သူ့ကျွန်မခံပြီ ဇာတ်ကားများဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆုများ ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly