မူးယစ်ဆေးဖြတ်လူငယ် ၂၀ ဦးကို အသက်မွေးဝမ်းကျောင်းအတတ်ပညာများ သင်ကြားပေးနေ

မူးယစ်ဆေးဖြတ်လူငယ် ၂၀ ဦးကို အသက်မွေးဝမ်းကျောင်းအတတ်ပညာများ သင်ကြားပေးနေ

 

မန္တလေး၊ ဇူလိုင် ၂၅ ။                     ။ မူးယစ်ဆေးဖြတ်လူငယ် ၂၀ ဦးကို အသက်မွေးဝမ်းကျောင်းနိုင်မယ့် အတတ်ပညာတွေ ပါဝင်တဲ့ သင်တန်းတွေ မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊   ပြန်လည်ထူထောင်ရေးစခန်းမှ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး  ဇူလိုင် ၂၅ ရက်မှာ သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့ကာ တစ်လကျော်ကြာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေကို မူးယစ်ဆေး ကင်းစင်ပြီး လူ့အဖွဲ့အစည်းတွေမှာ ပြန်လည်ဝင်ဆန့်လာရန် အပါအဝင် ရည်ရွယ်ချက် ၄ ချက်နဲ့ ဒီ သင်တန်းကို ဖွင့်လှစ်သင်ကြားတာလို့ သိရပါတယ်။

"ရည်ရွယ်ချက် လေးခုနဲ့သင်တန်းကိုဖွင့်ပါတယ်။နံပါတစ်အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ကလေးတွေကို မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ကင်းစင်ပြီးတော့ လူထုအဖွဲ့အစည်းအတွင်းမှာ   ပြန်လည်ဝင်ဆန့်လာနိုင်အောင် လူမှုရေးနည်းလမ်းနဲ့ ပြန်လည်ထူထောင်မှုပေးရန်၊နံပါတ် ၂ အချက်အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲတဲ့ကလေးတွေကို သူတို့ရဲ့ တစ်ဦးချင်း တစ်ယောက်ချင်း ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်ပြီးတော့ ကိုက်ညီတဲ့အသက်မွေးဝမ်းကြောင်း ပညာရပ်လေးတွေ သင်ကြားပေးရန်၊ နံပါတ် ၃ အနေနဲ့ သင်ကြားရင်း ကုန်ထုတ်၊ ကုန်ထုတ်ရင်းသင်ကြား   ဆောင်ပုဒ်နဲ့အညီ လုပ်ငန်းများကို ပြုစုလေ့ကျင့်ပေးရန်၊နံပါတ် ၄ အနေနဲ့သင်ကြားတတ်မြောက်ထားတဲ့ပညာတွေနဲ့ မိမိရဲ့ခြေထောက်ပေါ်မှာ ရပ်တည်နိုင်စေရန်အတွက် ရည်ရွယ်ချက် နဲ့ဖွင့်ပါတယ်။"လို့ ပြန်လည်ထူထောင်ရေးစခန်းမန်နေဂျာ ဦးသိန်းဝင်း(ဦးစီးအရာရှိ)က ပြောပါတယ်။

ပို့ချမယ့်သင်တန်းတွေကတော့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုများအပါအဝင် အသက်မွေးဝမ်း ကျောင်းပညာရပ်အနေဖြင့်  ကွန်ပျူတာအခြေခံသင်တန်း၊ သံဂဟေသင်တန်း၊ ဆိုင်ကယ် ဝပ်ရှော့သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ လေးမျိုးကို သင်ကြားပေးမှာပါ။

ကွန်ပျူတာ အခြေခံသင်တန်းနဲ့ဆိုင်ကယ်ဝပ်ရှော့ သင်တန်းတို့ကို အဓိက ဦးစားပေးသင်ကြားပေးသွားမှာလည်း ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးသွားရင်လည်း မူးယစ်ဆေးဝါး ပြန်လည်အသုံးမပြုနိုင်စေရန်အတွက် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်အဖွဲ့တွေက မြို့နယ်၊ရပ်ကွက်၊ကျေးရွာအလိုက် စောင့်ကြည့်မှုတွေ   ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly