အကယ်ဒမီ နေအောင်၏ တရားစွဲမှုအပေါ် NLD အလုပ်အမှုဆောင်က ရှင်းလင်းမည်

အကယ်ဒမီ နေအောင်၏ တရားစွဲမှုအပေါ် NLD အလုပ်အမှုဆောင်က ရှင်းလင်းမည်

ရန်ကုန် ဇူလိုင် ၂၅ ။               ။ မြေယာကိစ္စအတွက် အကယ်ဒမီနေအောင်မှ NLD အလုပ်အမှုဆောင်အပေါ် တရားစွဲထားခြင်းအတွက် တရားစွဲခံထားရသော မြောက်ဒဂုံမြို့နယ်မှ NLD ပါတီ ရပ်/ကျေး အလုပ်အမှုဆောင် ဦးသန့်ဇင်က ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟု ဆိုသည်။

သရုပ်ဆောင် အကယ်ဒမီနေအောင်က တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားခြင်းကို ဆက်သွယ်ရေးဝန်ကြီးဌာနမှ တရားစွဲဆိုခွင့်ပြုပါက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဟု  ဦးသန့်ဇင်က ဇူလိုင်လ ၂၅ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

လက်ရှိအနေအထားတွင် ဇူလိုင်လ ၂၃ ရက်နေ့က မြောက်ဒဂုံမြို့မရဲစခန်း၌ အမှုစစ်ရဲအရာရှိက ခေါ်ယူ တွေ့ဆုံ၍ အကောင့်စစ်ဆေးရန် Password Email နှင့် ဖုန်းဆင်းကဒ်များ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

"သတင်းစာရှင်းလင်းပွဲ လုပ်သွားမှာပါ။ တရားရုံးကို ကျွန်တော်တက်ရတော့မယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြန်ပြီးကျလာပြီဆိုရင် ကျွန်တော်လုပ်မှာပါ" ဟု အမှုဖွင့်လှစ်ခံထားရသူ မြောက်ဒဂုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရပ်/ကျေးအလုပ်အမှုဆောင် ဦးသန့်ဇင်က ပြောသည်။

ဦးသန့်ဇင်သည် အသိမ်းဆည်းခံလယ်ယာမြေများ ဖော်ထုတ်ရေးအတွက် ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၁၆ ခုနှစ် တွင် မြောက်ဒဂုံရှိသိမ်းဆည်းခံ လယ်ယာမြေကိစ္စ၌ သရုပ်ဆောင်နေအောင်က   မြေကွက်ရရှိခဲ့သည့်အပေါ် လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင်နေအောင်က ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေ ၆၆ ဃ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော်ကတော့ သူတို့တက်လာတဲ့အပေါ် မူတည်ပြီးတော့ တရားရုံးမှာ ဆက်ပြီးရင်ဆိုင်သွား မှာပဲလေ။ ကျွန်တော်ကတော့ နောက်ဆုတ်သွားမှာမဟုတ်ဘူး" ဟု ဦးသန့်ဇင်က ပြောသည်။

ယင်းအမှုအတွက် မြန်မာနိုင်ငံရှေ့နေများကွန်ယက်နှင့် ချိတ်ဆက်၍ တရားရင်ဆိုင်သွားမည့်အပြင် လယ်ယာမြေကိစ္စကိုလည်း အောင်မြင်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးသန့်ဇင်က ဆက်လက် ပြောပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင် နေအောင်ထံသို့ မဇ္ဈိမမီဒီယာမှ ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly