ဝက်ဖို့ဒ်တောင်ပံကစားသမား ရစ်ချာလီဆင်ကို ပေါင်သန်း ၅၀ ဖြင့် အဲဗာတန်ခေါ်ယူ

ဝက်ဖို့ဒ်တောင်ပံကစားသမား ရစ်ချာလီဆင်ကို ပေါင်သန်း ၅၀ ဖြင့် အဲဗာတန်ခေါ်ယူ

ဇူလိုင် ၂၅၊ လီဗာပူးလ်။           ။ အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် ဝက်ဖို့ဒ်အသင်းမှ ဘရာဇီးတောင်ပံကစားသမား ရစ်ချာလီဆင်ကို ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အဲဗာတန်အသင်းအနေဖြင့် အသက် ၂၁ နှစ်အရွယ်ကစားသမား၏ ၅ နှစ်စာချုပ်အတွက် ကနဦးပေါင် ၃၅ သန်း ပေးချေရဖွယ်ရှိ နေပြီး အသင်းအတွက် စံချိန်တင် ဈေးနှုန်းလည်း ဖြစ်သည်။

အဲဗာတန်နည်းပြဖြစ်သူ မာကိုဆေးလ်ဗား ဝက်ဖို့ဒ်ကိုကိုင်တွယ်ခဲ့စဉ် ၂၀၁၇ ခုနှစ်က ရစ်ချာလီဆင်ကို ဖလူမင်နီးစ်မှ ခေါ်ယူစဉ်က ပေါင် ၁၁ ဒသမ ၅ သန်းပေးခဲ့ရသည်။

“အဲဗာတန်နဲ့ အောင်မြင်မှုတွေ အများကြီးရယူချင်တယ်။ မာကိုဆေးလ်ဗားနဲ့ ပြန်ပြီးလက်တွဲခွင့်ရတာ အရေးကြီးတယ်လို့ ထင်တယ်။ တိုးတက်ချင်စိတ်ရှိတဲ့ သင်ယူနေဆဲကစားသမားတစ်ယောက်ဖြစ်လို့ ကျွန်တော်ဆက်ပြီး သင်ယူနေဆဲပါပဲ။

သူဝက်ဖို့ဒ်မှာရှိနေတုန်းက ကျွန်တော်တကယ်တိုးတက်ခဲ့တယ်။ သူနဲ့လက်တွဲလုပ်ရတာ တကယ်အကျိုးရှိပြီး တနေ့မှာ ဘရာဇီး လက်ရွေးစင်အသင်းမှာ အမြဲရွေးခံရအောင်လည်း သူကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ရစ်ချာလီဆင်က ပြောသည်။

ရစ်ချာလီဆင်သည် ပထမဆုံး ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ငါးဂိုးသွင်းနိုင်ခဲ့သော်လည်း နိုဝင်ဘာနောက်ပိုင်းကတည်းက ဂိုးသွင်းနိုင်ခြင်း မရှိတော့သူဖြစ်သည်။

အဲဗာတန်အသင်း၏ လက်ရှိစံချိန်တင်ဈေးအကြီးဆုံးကစားသမားမှာ ဆီဂတ်ဆင်ဖြစ်ပြီး ၂၀၁၇၊ သြဂုတ်တွင် ဆွမ်ဆီးအသင်းထံမှ ခေါ်ယူခဲ့စဉ်က ပေါင် ၄၅ သန်း ပေးခဲ့ရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly