မဘသမှအမည်ပြောင်းထားသည့်အဖွဲ့နှင့် မဟနအကြား သံဃာဂိုဏ်းကွဲမည်ဟု ပြည်ခိုင်ဖြိုး စိုးရိမ်

မဘသမှအမည်ပြောင်းထားသည့်အဖွဲ့နှင့် မဟနအကြား သံဃာဂိုဏ်းကွဲမည်ဟု ပြည်ခိုင်ဖြိုး စိုးရိမ်

ရန်ကုန် ၊ ဇူလိုင် ၂၅ ။              ။ သံဃာ့မဟာနာယကအဖွဲ့နှင့် မဘသမှ အမည်ပြောင်းလဲထားသည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေရှင်းတို့အကြား တရားဝင်မှု ၊ လုပ်ပိုင်ခွင့် ၊ ရပ်တည်ပိုင်ခွင့် အငြင်းပွားမှုများကြောင့် သံဃာဂိုဏ်းကွဲမည်ကို စိုးရိမ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမှ ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

"နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် မလိုလားအပ်သော အန္တရာယ်မျိုးစုံကျရောက်နေချိန်တွင် ပေါ်ပေါက်လာသည့် အငြင်းပွားမှုမှတဆင့် သံဃာများ ဂိုဏ်းကွဲခြင်း ၊ ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်မှုပြိုကွဲခြင်းနှင့် နိုင်ငံမတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်မိပါသဖြင့် နိုင်ငံသားအားလုံးက သတိပြုကာကွယ်ပေးနိုင်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်" ဟု ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ဝရက်က ပြုလုပ်သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေးတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့၏ လမ်းညွှန်မှုတောင်းခံခြင်းကို ပယ်ဖျက်ပြီး တရားမဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသာ ဖြစ်ကြောင်း၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) အဖွဲ့အားလုံး၊ အဖွဲ့ဝင်အားလုံးသည် အဖွဲ့အမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ  ဆောင်ရွက်ခြင်း မပြုရန်နှင့် မြန်မာပြည်အနှံ့အပြား စိုက်ထူထားသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဆိုင်းဘုတ်များကို ၄၅ ရက် အတွင်း ဖြုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ညွှန်ကြားချက်များကိုမလိုက်နာပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂ဝ/၉ဝ ဥပဒေဖြင့် အရေးယူပြီး လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် အရေးယူရန်လည်း ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ သံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ဖျက်သိမ်းခြင်းနှင့် ဆက်လက်ဆောင်ရွက်ခြင်းဆိုသည်မှာ အဖွဲ့ဝင်များ၏ သဘောဆန္ဒအပေါ်မူတည်သည်ဟု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ ဗဟိုဦးဆောင် ဆရာတော် ဒေါက်တာအရှင်သောပါက က ဇူလိုင်လ ၂၂ ရက်နေ့တွင် မဇ္ဈိမသို့ မိန့်ကြားထားသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ဖျက်သိမ်းရန် ညွှန်ကြားမှု အရေးယူမှုများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တခြားဘာသာသာသနာအား ထိခိုက်နစ်နာစေခြင်းမရှိဘဲ ကိုးကွယ်သည့် ဘာသာ၊သာသနာ နှင့် ဓလေ့များကို လွတ်လွတ်လပ်လပ်ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် နိုင်ငံ၏ စီးပွားရေး ယိမ်းယိုင်နေသည့်အချိန်၊ ပြည်ပစွက်ဖက်မှုများအား အပြင်းအထန် ခုခံ ကာကွယ်နေရချိန်၊ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ရေးအတွက် အရေးကြီးနေချိန်တွင် ယခုလိုစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်းသည် အံ့အားသင့်ဖွယ်ကောင်းသည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly