ကျောက်ထုတ်ယူမှုကြောင့် မင်းပြားကျိန်းတောင် တောင်တန်း ပျက်စီးနေ

ကျောက်ထုတ်ယူမှုကြောင့် မင်းပြားကျိန်းတောင် တောင်တန်း ပျက်စီးနေ

မင်းပြားမြို့ရှိ သမိုင်းဝင် ကျိန်းတောင် တောင်တန်း၌ ကန်ထရိုက်များက ကျောက်ထုတ်ယူမှု များပြားသဖြင့် မကြာသည့် အချိန်အတွင်းမှာ သမိုင်းဝင်အဖြစ်မှ ပျောက်ကွယ်သွားနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။

ကန်ထရိုက်အဖွဲ့များ ကျောက်ထုတ်ယူမှုကို စီမံခန့်ခွဲရေးနှင့် မြေအသုံးချမှုကော်မတီနှင့် အထောက်အကူပြုဖွံ့ဖြိုး တိုးတက်ရေးကော်မတီက ခွင့်ပြုထားခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဦးခင်ဇော်ဝင်းက ပြောကြားသည်။

"တောင်တွေမှာ ယာတွေရှိတယ်ပေါ့။ အဲဒီယာတွေကို ကန်ထရိုက်တွေက ဝယ်တယ်။ ပြီးတော့ ကျောက်ခွဲကြတယ်။ ကျောက်ထုကြတယ်။ ဒီယာတွေဟာ တရားဝင်လား၊ မဝင်ဘူးလားဆိုတာ ကတော့မြေ စာရင်းနဲ့ဆိုင်ပါတယ်။ အဲဒီကျောက်တွေကို လမ်းတွေမှာ အဓိက သုံးပါတယ်။ ကျိန်းတောင်ဆိုတာ မင်းပြားမှာ သမိုင်းဝင်တောင်ဖြစ်တယ်။"

"သမိုင်းဝင်ဘုရားနယ်မြေတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုမျိုး ကျောက်ထုတ်ယူတာက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပါ တယ်။ ဒါကိုတားဆီးသင့်ပါတယ်။ ကျိန်းတောင်ရဲ့ နယ်မြေဟာ ဘယ်လောက်ရှိတယ် ဆိုပြီးတော့ ဒီနယ်မြေမှာ ကျောက်ထုတ်လုပ်ခွင့် လုံးဝခွင့်မပြုဆိုပြီးတော့ သတ်မှတ်သင့်တယ်။" ဟု ၎င်းက ပြောသည်။

ကျောက်ထုတ်ယူနေမှုနှင့်ပတ်သက်ပြီး စီမံခန့်ခွဲရေးနှင့် မြေအသုံးချမှုကော်မတီ၊ အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ စည်ပင်သာယာရေးကော်တီ တို့၌ အဓိက တာဝန်ရှိသည်ဟုဆိုသည်။ ထို့ပြင် စီမံခန့်ခွဲရေးနှင့် မြေအသုံးချမှု ကော်မတီ ဥက္ကဋ္ဌမှာ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး၊ မြေစာရင်းက အတွင်းရေးမှူး ဖြစ်ကြောင်း ဦးဦးခင်ဇော်ဝင်းက ပြောသည်။

"ကျောက်တူးတာက မြောင်တွေကို အားလုံးတူးပြီးပြီ၊ ပြီးတော့ အောက်ခြေကနေ တူးတယ်။ အထက်က ပြိုဆင်းလာတယ်။ အခုတူးနေတာနဲ့ ဘုရားနဲ့ မနီးကပ်သေးပေမယ့် နောက်ဆိုရင်တော့ နီးကပ်လာ မှာဖြစ်ပြီး တောင်တစ်ခုလုံး ပျက်စီးသွားနိုင် တယ်။ ပျောက်ကွယ်သွားနိုင်တယ်။" ဦးဦးခင်ဇော်ဝင်းက ပြောသည်။

မင်းပြားကျိန်းတောင် တောင်တန်းမှာ ၂ မိုင်ကျော် ရှည်လျားပြီး အမြင့်ပေ ၄၀၀ ကျော်ရှိကြောင်း၊ ယခုကျောက်ထုတ်ယူ နေခြင်းကြောင့် သစ်ပင်များ ပျက်စီးနေကြောင်း၊ ကျိန်းတောင်ဘုရား သမိုင်းကြောင်း သိနိုင်ရန် ကျိန်းတောင်ဘုရား ဂေါပကအဖွဲ့ကို ဆက်သွယ်၍ မရခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly