ချင်းပြည်နယ်ထွက် ၀ဥ(ခေါ်) ဖျံဥကို နိုင်ငံခြားပို့ကုန် ဖြစ်လာနိုင်ရန် တိုးမြှင့် ဆောင်ရွက်နေ

ချင်းပြည်နယ်ထွက် ၀ဥ(ခေါ်) ဖျံဥကို နိုင်ငံခြားပို့ကုန် ဖြစ်လာနိုင်ရန် တိုးမြှင့် ဆောင်ရွက်နေ
Photo-MOI Webportal Myanmar

နေပြည်တော်၊ ဇူလိုင် ၂၅၊ ။             ။ ဝဥ(ခေါ်) ဖျံဥ  ကို ပြည်ပမှ ဝယ်လိုအား ရှိနေသည့်အတွက် ပြည်တွင်းတွင် နည်းပညာ မြင့်မားစွာဖြင့်တိုးမြှင့်ထုတ်လုပ်ရန်  လုပ်ဆောင်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။

လက်ရှိတွင်  ဝဥများကို အရည်အသွေးမြှင့်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်ရှိ Victory Garden ကုမ္ပဏီ၏ ကန်ပုလဲစက်ရုံတွင်  ဝဥ အခြောက်ခံစက်ကို ယခုနှစ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ ဝဥများကို ဆေးကြောခြင်း၊ ပါးပါးလှီးဖြတ်ခြင်း၊ အခြောက်ခံခြင်းများကို စက်ဖြင့်ပြုလုပ်ရသည့်အတွက် လက်ရှိတွင် လျှပ်စစ်မီး မရရှိသေးသောကြောင့်  နေရောင်ခြည်သုံး အခြောက်ခံစက်ဖြင့်သာ ပြုလုပ်နေရသည်။

ထို့ကြောင့် အခြောက်ခံစက်ရုံတစ်ရုံအား လာမည့် ၂၀၁၉ ခုနှစ်တွင် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

" အခြောက်ခံစက် လုံလောက်မှုရှိစေရန် တစ်နေ့လျှင်  ကုန်အစို (၂၀)တန်ကျ အခြောက်ခံစက်ရုံ တစ်ရုံကို လာမည့်နှစ်တွင်တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။  စက်ဖြင့် အခြောက်ခံဆောင်ရွက်ခြင်းဟာ ဝဥအခြောက်ရဲ့  Glucomannan  ဓာတ်ပါဝင်မှုကို လေးထောင်မှ နှစ်သောင်းအထိ  တိုးတက်ပါဝင်လာနိုင်တဲ့ အတွက် ဈေးနှုန်းမှာလည်း လက်ရှိဈေးထက် တစ်ဆခွဲခန့် ပိုမိုရရှိစေမှာ ဖြစ်ပါတယ်” ဟုဂစီးပွားကူးသန်းဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဇူလိုင်လ ၂၄ရက်နေ့က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန် အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် ကြယ်ပွင့်ပြ မေးခွန်းအဖြစ်ပါရှိသော ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်၏ “  ဂျပန်နှင့်တရုတ် နိုင်ငံတို့မှ ဝယ်လိုအားကောင်းသော ချင်းပြည်နယ်ထွက် ဝဥ (ခေါ်) ဖျံဥကို အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ သိရှိလိုခြင်း” နှင့်စပ်လျဉ်းသည့်မေးခွန်းကို ၎င်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပမှ ဝယ်လိုအားရှိနေပြီး ပြည်တွင်းတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပိုမိုရရှိရေး၊ အခြောက်ခံမှုန့်ပြုလုပ်ရန် ဝဥပါးလွှာစက် ၊ အခြောက်ခံစက်နှင့် အမှုန့်ကြိတ်စက်များ ကို ဝယ်ယူရရှိနိုင်မည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကိုဆောင်ရွက်နေသည်ဟု ဒုတိယဝန်ကြီးက ဆက်ပြောကြားသည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန နှင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန မှ ပညာရှင်များတို့နှင့်အတူ  ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လုပ်ငန်းရှင် (၁၀၀)ဦးကို  ဝဥ အခြောက်ခံခြင်းနှင့် ဝဥတုံ ထုတ်လုပ်ခြင်းနည်းပညာများကို ပံ့ပိုးပေးခဲ့ပြီး မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုပ်လုပ်ရောင်းချသူများအသင်းနှင့် UK Aid တို့နှင့်အတူ ချင်းပြည်နယ် ပလက်ဝမြို့၊ မင်းတပ်မြို့၊ တီးတိန်မြို့ နှင့် ကန်ပက်လက်မြို့များတွင် ဝဥခြောက်နှင့် ဝဥ ခေါက်ဆွဲ ထုတ်လုပ်နိုင်မည့် နည်းပညာများကို ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊နှင့်စင်္ကာပူနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ ဝဥ(ခေါ်)ဖျံဥကို နေလှန်းပြီးသား ဝဥခြောက်အဖြစ်သာ တင်ပို့လျက်ရှိပြီး၊ ဝဥ အမှုန့်ကို ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် UAE နိုင်ငံများသို့၎င်း၊ ဝဥအစို၊ အခြောက်များနှင့် အမှုန့်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတင်ပို့ရောင်းချလျက်ရှိသည်။

ပြည်ပသို့တင်ပို့ခဲ့ရာမှ ရရှိခဲ့သည့် ဝင်ငွေများသည် ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် တန်ချိန်(၅၆၂၃.၇၄၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀.၀၁၁)သန်း ဖိုးတင်ပို့ခဲ့ပြီး ၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင်မူ တန်ချိန်(၁၇၈၄.၃၂၅) ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃.၀၈၁)သန်း သို့ လျော့ကျခဲ့ပြီး ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်မူ တန်ချိန်(၂၅၅၈.၆၂၉)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃.၈၇၈) သန်းထိ အနည်းငယ်ပြန်လည်တိုးမြှင့် တင်ပို့လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly