ဘော်ဒိုးတောင်ပံကစားသမား မယ်လ်ကွန်ကို ဘာစီလိုနာခေါ်ယူ

ဘော်ဒိုးတောင်ပံကစားသမား မယ်လ်ကွန်ကို ဘာစီလိုနာခေါ်ယူ

ဇူလိုင် ၂၅၊ ဘာစီလိုနာ။                   ။ စပိန်ချန်ပီယံဘာစီလိုနာအသင်းဟာ ပြင်သစ်ကလပ် ဘော်ဒိုးအသင်းထံက ဘရာဇီးတောင်ပံကစားသမား မယ်လ်ကွန်ကို ယူရို ၄၁ သန်း၊ ၅ နှစ်စာချုပ်နဲ့   ခေါ်ယူလိုက်ပြီလို့ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ ၂၁ နှစ်အရွယ်ကစားသမားကို ဘော်ဒိုးအသင်းက အီတလီထိပ်သီးရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ ခွင့်မပြုခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

“မယ်လ်ကွန်ရဲ့အပြောင်းအရွှေ့အတွက် ဘာစီလိုနာနဲ့ ဘော်ဒိုးတို့ သဘောတူညီမှု ရခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးက ယူရို ၄၁ သန်း ဖြစ်ပါတယ်။

ကစားသမားဖြစ်သူဟာ လာမည့်ရာသီကစပြီး ၂၀၂၂-၂၃ ရာသီထိ သက်တမ်းရှိတဲ့ ၅ နှစ်စာချုပ် ချုပ်မှာပါ”လို့ ဘာစီလိုနာ အသင်းက ကြေညာချက် ထုတ်ခဲ့ပါတယ်။

မယ်လ်ကွန်ဟာ အင်္ဂါနေ့မှာ အမေရိကခြေစမ်းခရီးစဉ်ထွက်ဖို့ရှိတဲ့ ရိုးမားအသင်းထံကို တနင်္လာညမှာ ဆေးစစ်မှုခံယူဖို့ သွားခါနီးမှ ဘော်ဒိုးအသင်းရဲ့ တားဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအသင်းထံ ရောင်းချခံလိုက်ရတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးတောင်ပံကစားသမား ဝီလျံကိုကမ်းလှမ်းမှု မအောင်မြင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ မယ်လ်ကွန်ကို ရိုးမားအသင်းက ပေးတဲ့ ယူရို ၃၈ သန်းထက် ပိုပေးလို့ ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း အီတလီသတင်းတွေက ဆိုပါတယ်။

မယ်လ်ကွန်ကို ဥရောပကလပ်တွေကစိတ်ဝင်စားခဲ့ပြီး အာဆင်နယ်၊ စပါးတို့လည်း ပါဝင်ခဲ့ပေမယ့် ယူကေ အလုပ်လုပ်ခွင့် လက်မှတ်က ပရီးမီးယားလိဂ်ကလပ်တွေအတွက် အတားအဆီး ဖြစ်ခဲ့ရပါတယ်။

မယ်လ်ကွန်ဟာ ပြီးခဲ့တဲ့ရာသီက ဘော်ဒိုအသင်းအတွက် ၃၅ ပွဲကစားပြီး ၁၂ ဂိုးသွင်းခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းကြီး နဲ့တော့ ပွဲထွက်ကစားရခြင်း မရှိသေးသူဖြစ်ပါတယ်။

Ref; AFP

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly