ဖားကန့်မြေပြိုမှု ထပ်မံဖြစ်ပွား၊ ပျောက်ဆုံးသူ ၂၇ ဦးရှိ

ဖားကန့်မြေပြိုမှု ထပ်မံဖြစ်ပွား၊ ပျောက်ဆုံးသူ ၂၇ ဦးရှိ
ဓာတ်ပုံ- ဇော်ဝင်းမောင်

 

ဇူလိုင် ၂၅၊ဖားကန့် ။                   ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ မမုံကျေးရွာအနီးရှိ ဧရာရတနာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုတွင် လူပျောက်စာရင်း ၂၇ ဦးရှိပြီး အလောင်းများ ဆယ်ယူရရှိမှု မရှိသေးကြောင်း မမုံကျေးရွာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးယဉ်ထွေးက မဇ္ဈိမသို့ ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၄ ရက် မနက် ၆ နာရီအချိန်က မြေပြိုမှု ဖြစ်ပွားခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းပါးပြိုကာ ရေလှိုင်းနှင့်အတူ ရေမဆေးကျောက်ရှာဖွေသူများ ပါသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

"ကမ်းပါးကြီးက ဝုန်းဆို ပြိုကျလာတယ်။ အဲ့ဒီကနေမှ ရေလှိုင်းကြီးတွေနဲ့ပါသွားတာ။ ရေလှိုင်းကြီးတွေ ရိုက်ချလိုက်တဲ့အခါမှာ ကျောက်ရှာနေတဲ့သူတွေ အကုန်ပါသွားတာ ။ ရေနဲ့ဆွဲချသွားတာ ကန်ထဲကို ကျသွားတာ။  တချို့ ဘေးက ကမ်းပါးနံရံတွေကို ပြေးတက်တဲ့ သူတွေက လွတ်တယ် ။ အနောက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာ ရေလှိုင်းကနေ ခုတ်ပြီး ဆွဲချသွားတာ" ဟု ကမ်းပါးပြိုမှုမှ လွတ်မြောက်လာသည့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။

ယခုလက်ရှိ အလောင်းရှာဖွေရေးလုပ်ငန်းများ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး စက်ယန္တရားများဖြင့် ရှာဖွေလို့မရသေး၍ လူဖြင့်သာရှာဖွေရေးလုပ်ဆောင်နေရကြောင်း သိရသည်။

"အလောင်းတွေရှာဖွေရေး၊ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ် ဒီနေ့မနက်အထိတော့ တစ်လောင်းမှရှာလို့ မရသေးပါဘူး ။ ကျွန်တော်တို့ ဆီကို လူပျောက်စာရင်းလာ အကြောင်းကြားတာတော့ ၂၇ယောက်ရှိပါပြီ" ဟု မမုံကျေးရွာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်လည်း လုံးခင်းကျေးရွာအုပ် ဆန်ခါကျေးရွာ မဟာကုမ္ပဏီနဲ့ ၁ သုံလုံး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီကျင်းအတွင်း ကမ်းပါးပြိုမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးနိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြပြီး ဇူလိုင်လ ၂၄ ရက်အထိ ဆယ်ယူရရှိသည့် အလောင်းပေါင်း၂၃ လောင်းရှိပြီဟု သိရသည်။

Humanity Institute အဖွဲ့နှင့် ကချင်အမျိုးသားလူမှု ဖွံဖြိုးရေးဖောင်ဒေးရှင်း (ဖားကန့်)တို့ ပူးပေါင်းရေးသားပြုစုထားသည့် ဘဝနှင့်ရင်းသော ကျောက်စိမ်းအမည်ရှိ အစီရင်ခံစာတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ငန်း လုပ်ကွက်များအတွင်း ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြေပြိုမှုများကြောင့် လူဦးရေ ၅၀၀ နီးပါး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly