အနာကို ကုသရာမှာ အိုင်အိုဒင်းရဲ့ အသုံးဝင်ပုံ

အနာကို ကုသရာမှာ အိုင်အိုဒင်းရဲ့ အသုံးဝင်ပုံ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အိုင်အိုဒင်းဆိုတာ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကလိုအပ်ပေမယ့် ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ဓာတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်နေတဲ့ အိုင်အိုဒင်းပမာဏကို အစားအစာကနေပဲရရှိနိုင်ပါတယ်။ ဒါပေမယ့် အစားအစာတွေမှာ အိုင်အိုဒင်းပါဝင်မှုနည်းပါးကြသလို ပင်လယ်ရေညှိမှာပဲ ပါဝင်မှုများပါတယ်။ အိုင်အိုဒင်းချို့တဲ့ခဲ့ရင် သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ တခြားရောဂါအခြေအနေတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိုင်အိုဒင်းချို့တဲ့ခြင်းကို ကာကွယ်နိုင်ဖို့ အိုင်အိုဒင်းဆားကို ထုတ်လုပ်ကြတာဖြစ်ပါတယ်။

အိုင်အိုဒင်းကို အစားအသောက်မှာမဟုတ်ဘဲ ပြင်ပသုံးဆေးဝါးအနေနဲ့ ပိုးသတ်ဆေးအဖြစ်လည်း သုံးကြပါတယ်။ ထိခိုက်ဒဏ်ရာ၊ ကွဲရာ ရှရာ အသေးစားတွေမှာ ပိုးမဝင်စေဖို့ ၊ဘက်တီးရီးယားတွေသေစေဖို့အိုင်အိုဒင်းဆေးရည်ကို သုံးကြပါတယ်။ အနာအတွက်သုံးတဲ့ အိုင်အိုဒင်းက –

  •     တင်ချာ ဆေးရည်
  •     ကပ်ခွာ
  •     ဂျဲလ် ပုံစံတွေနဲ့ ရှိပါတယ်။

ဘာလို့သုံးကြတာလဲ

အနာကို ပိုးသတ်ဖို့အတွက်ပါ။ သာမန်အပေါ်ယံ အရေပြား ထိခိုက်ရှနာတွေ၊ မကျက်သေးတဲ့အနာတွေနဲ့ ဒဏ်ရာများကို ပိုးဝင်ခြင်းမှ ကာကွယ်ဖို့၊ကုသဖို့အတွက် အိုင်အိုဒင်းကိုသုံးသလို အနာ၊ ဒဏ်ရာ ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပေါက်ဖွားမှုကို လျှော့ချပေးပါတယ်။

အနာကျက်စေဖို့လည်း ပါပါတယ်။ သူက အနာဖေးတက်ခြင်းကို နှေးစေပြီး အနာရှိတဲ့အရေပြားကို နူးညံ့စေပါတယ်။

ဒါ့ကြောင့် အသေးစား ထိရှဒဏ်ရာတွေဖြစ်လာရင် ပိုးသေစေတဲ့ အိုင်အိုဒင်းကို အားထားကြပါတယ်။ အနာဖြစ်လာရင် အိုင်အိုဒင်းဆေးရည် တို့လိမ်းပေးလိုက်တဲ့အခါ ပိုးသတ်ပြီးသားဖြစ်ပြီး အနာကျက်မြန်စေနိုင်တယ်လို့ လက်ခံထားကြလို့ပါ။

ဘယ်အနာတွေအတွက် သုံးလို့ရလဲ

ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ အိုင်အိုဒင်းကို

  •     အပေါ်ယံ အရေပြားအနာတွေ
  •     အသေးစားထိခိုက်ရှနာတွေ
  •     ပွန်းပဲ့ဒဏ်ရာ
  •     ဆီးချိုရှိသူတွေမှာ ဖြစ်တတ်တဲ့ ခြေထောက်အနာတွေအတွက် သုံးလို့ရပါတယ်။

သတိထားသင့်တဲ့အချက်

အိုင်အိုဒင်းကို ပိုးသတ်ဆေးအဖြစ် အနာမှာ သုံးမယ်ဆိုရင် –

  •     ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဖို့ လိုအပ်ပါတယ်။
  •     ဒီဆေးကို ခန္ဓာကိုယ်ပြင်ပက ထိရှဒဏ်ရာတွေအတွက်သာ သုံးဖို့ဖြစ်ပါတယ်။ သောက်ရန်မဟုတ်ပါ။
  •     မျက်စိထဲမဝင်အောင် ဂရုစိုက်ပါ။ မျက်စိထဲ မတော်တဆဝင်သွားပါက ရေနဲ့ မြန်မြန်ဆေးပစ်ပါ။
  •     အိုင်အိုဒင်းဆေးရည်ကို အနည်းငယ်နက်သော ထိခိုက်ရှနာဒဏ်ရာများ၊တိရစ္ဆာန် ကိုက်သော အနာများ သို့မဟုတ် ပြင်းထန်သော မီးလောင်ဒဏ်ရာများကို မထည့်ရပါ။
  •     အိုင်အိုဒင်းဆေးရည်ထည့်ထားသော အနာတွေကို ပတ်တီးကျပ်ကျပ် မစည်းရပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly