ကြက်သွန်နီများ ကြာရှည်အထားမခံ၊ အဝင်များပြီး စျေးနှုန်းကျဆင်းနေ

ကြက်သွန်နီများ ကြာရှည်အထားမခံ၊ အဝင်များပြီး စျေးနှုန်းကျဆင်းနေ

မန္တလေး၊ ဇူလိုင် ၂၄ ။           ။ ယခုနှစ်တွင် ကြက်သွန်နီများ မိုးမိထား၍ အရည်အသွေးကျဆင်းနေပြီး ကြာရှည်သိုလှောင်ထားနိုင်ခြင်း မရှိသည့်အတွက် ဈေးကွက်အတွင်း ဝယ်လိုအားထက် ပိုမိုဝင်ရောက်လာသောကြောင့် ဈေးများ ကျဆင်းနေကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရသည်။

ကြက်သွန်နီ ဈေးကွက်မှာ ယခင်နှစ်ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်ကွာနေပြီး တစ်ပိဿာလျှင် ၅၀၀ ကျပ်နှင့် ၆၀၀ ကျပ် ဝန်းကျင်သာရှိနေကြောင်း သိရသည်။

ဈေးကွက်အတွင်း ကြက်သွန်နီများ အများအပြားဝင်ရောက်လာသော်လည်း ယခုနှစ်တွင် ပြည်ပတင်ပို့နိုင်ခြင်း မရှိသည့်အတွက် ပွဲရုံများတွင် အလုပ်သမားများလျှော့ချရမှုများလည်းရှိကြောင်း သိရှိရသည်။

“လုပ်ငန်းအရောင်းအဝယ်ပါးတော့ အရင်ရှိတဲ့ အလုပ်သမားတွေထက်တော့ နည်းနည်းတော့ လျှော့ချရတာတွေ ရှိလာတယ်။ ကျွန်တော်တို့လုပ်ငန်းသဘာဝကလည်း လိုရင် လိုသလိုခေါ်ခိုင်းရတာ။ ကြက်သွန်က နိုင်ငံခြားက ဆွဲရင် ဈေးတက်လွယ်တယ်။ ခုဟာက ဈေးကွက်ထဲကို ဝင်လာတာတော့များတယ်။လက်ရှိအချိန်ထိတော့ ပြည်တွင်းစားသုံးမှုအတွက် ပိုလျှံနေတဲ့သဘောရှိနေတယ်”ဟု မန္တလေးတိုင်းဒေသကြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုချောင်သီးနှံများစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးဦး က ပြောသည်။

ကြက်သွန်နီဈေးနှုန်းမှာ ယခင်နှစ်ကာလတူဈေးနှုန်းအရ ဈေးတက်သည့် လပိုင်းကိုရောက်ရှိနေသော်လည်း လက်ရှိအချိန်ထိ ဈေးတက်နိုင်ခြင်းမရှိသေးဘဲ ပေါ်ကာစ ဈေးနှုန်းအတိုင်း ရှိနေသည့်အတွက် တောင်သူများ အနေဖြင့် စိုက်စရိတ်၊လုပ်အားခများဖြင့် တွက်ချေမကိုက်ကြောင်း ကြက်သွန်နီစိုက်တောင်သူ ဦးစိုးညွန့်က ပြောသည်။

“ဈေးက ရာသီစပေါ်တုန်းကလည်း တစ်ပိဿသ (၅၀၀)၊(၆၀၀)ကျပ်ပဲရှိတယ်၊ ခုလည်း အဲဈေးမှာပဲ၊အဓိက တော့ ဝယ်လိုအားနည်းနေတယ်၊ တောင်သူတွေအနေနဲ့တော့ အကျိုးအမြတ်မရှိဘူး။ ပြန်ရမယ်ဆိုရင် အရင်းပဲ ရမယ်၊ ဒီဟာကိုပဲ မှီခိုအားပြုပြီးစားသောက်နေရတဲ့သူတွေကတော့ အဆင်ပြေမှာမဟုတ်ဘူး။ ကြက်သွန်က ဒီနှစ် အထားမခံဘူး။ ပိုညံ့သွားတယ် ။ အရင်က ၉ လပိုင်းလောက်မှ အရောင်၊အရည်အသွေး ကျတဲ့ ကြက်သွန်နီက ခု ၇ လပိုင်းတည်းက ကျနေပြီ။”ဟု ကြက်သွန်နီစိုက်တောင်သူ ဦးစိုးညွန့်က ပြောသည်။

ကြက်သွန်နီများမှာ အရည်အသွေးကျဆင်းခြင်း၊  ကြာရှည်အထားခံနိုင်ခြင်းမရှိသည့်အပြင် တရုတ်ဘက် ကလည်း ဝယ်ယူမှုနည်းပါးနေခြင်းတို့ကြောင့် ဈေးတက်မလာသေးခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိဈေးကွက်တွင်ရှိသော ကြက်သွန်နီများ နည်းပါးနေချိန်တွင် ဈေးနှုန်း (၁၀၀၀)ကျပ်ဝန်းကျင်ထိ တက်လာပါက တရုတ်နိုင်ငံမှ ကြက်သွန်များ ဝင်ရောက်လာနိုင်ကြောင်း ကုန်သည်များက ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly