ကယားတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန် အချိန်မသင့်တော်သေး၍ ကန့်ကွက်နေခြင်းဟု ဆို

ကယားတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန် အချိန်မသင့်တော်သေး၍ ကန့်ကွက်နေခြင်းဟု ဆို

ရန်ကုန်၊ ဇူလိုင် ၂၄ ။              ။ ကယား(ကရင်နီ) ပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် အချိန်မသင့်တော်သေး၍ ကန့်ကွက်နေခြင်း ဖြစ်သည်ဟု ကယားလူငယ်အဖွဲ့အစည်းများက ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူခြင်းအပေါ် ကယားလူငယ်အဖွဲ့အစည်းများမှ ရန်ကုန်မြို့၊ Orchid Hotel ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ဖြစ်တည်မှုသမိုင်းတွေကိုတောင် ပြုစုခွင့်၊ သင်ကြားပိုင်ခွင့်တွေ မရှိတဲ့ကာလမှာ ဒီလိုမျိုး ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိတာမသင့်တော်ဘူးလို့ ကျွန်တော်တို့ ဆိုလိုရင်းပဲ ဖြစ်တယ်” ဟု  ကယန်း မျိုးဆက်သစ်လူငယ်မှ ခွန်းဘာနဒ်ဘုတ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ကယားပြည်နယ်လွိုင်ကော်မြို့နယ်၌ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုကို လူ အင်အား ၁၀၀၀ ခန့်ဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ တားဆီးခဲ့သည်။

ထိုသို့ ကန့်ကွက်နေသည့်ကြားမှ ဆက်လက်လုပ်ဆောင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း အပြန်အလှန် နားလည်မှုယုံကြည်မှုများ တည်ဆောက်ရန် ခက်နေဦးမည်ဟု ကယားလူငယ်အဖွဲ့အစည်းများက ဆိုသည်။

“ကျွန်တော်တို့တည်ရှိမှုကိုမှ အသိအမှတ်မပြုဘူးဆိုရင်တော့ သေချာတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာကလည်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုတွေ တည်ဆောက်ဖို့က ခက်နေဦးမှာပဲ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဒီကာလမှာ ရွေ့ဆိုင်းထားဖို့၊ ရပ်တန့်ထားဖို့ ပြောဆိုခြင်းဖြစ်တယ်" ဟု ခွန်းဘာနဒ်ဘုတ်က ပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုး၏ ပြောစကားနှင့်ပတ်သက်ပြီး "ဝန်ကြီးချုပ်ကိုယ်တိုင်က ပြောထားတဲ့စကားဖြစ်တဲ့အတွက် ဒီဟာက ကျွန်မတို့ ဘယ်လိုလုပ်ပါလို့ ထက်စာရင်တော့ ဒီပြောသွားတဲ့ အပေါ်မှာဘယ်လိုလုပ်ကြမလဲဆိုတာ ကျွန်မတို့ကလည်း စောင့်ကြည့်နေရတဲ့ အနေအထားဖြစ်တယ်ပေါ့နော်။ ဒီဟာက ဝန်ကြီးချုပ် နှုတ်ကထွက်တဲ့အရာ၊ တပ်မတော်ကလည်း ပြန်ဖြေရှင်းထားတဲ့အရာ၊ အဲဒီတော့ ကျွန်မတို့ကလည်း ဒီအပိုင်းမှာ ပြောတဲ့လူ အပေါ်မှာ ဘယ်လိုမျိုးဆက်သွားမယ်ဆိုတာ စောင့်နေတဲ့အပိုင်း ရှိပါတယ်" ဟု ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦးမှ နော်ဖော်ဝါး က ပြောသည်။

ကယားပြည်နယ်အတွင်း ကရင်နီသမိုင်းစာရွက်ဖြန့်ဝေမှုနှင့် ဗိုလ်ချုပ်ကြေးရုပ်တု ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် အတွက် တရားစွဲဆိုခံထားရသူ ၂၃ ဦး ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly