ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ စာပေစကားဝိုင်းလုပ်ပြီး လူငယ်များ စာမဖတ်ဘူးဆိုသော ဝေဖန်ချက်ကို ချေဖျက်မည်ဟု ဆို

ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ စာပေစကားဝိုင်းလုပ်ပြီး လူငယ်များ စာမဖတ်ဘူးဆိုသော ဝေဖန်ချက်ကို ချေဖျက်မည်ဟု ဆို

ဇူလိုင် ၂၄ ။           ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ စာပေစကားဝိုင်းလုပ်ပြီး “ လူငယ်များ စာမဖတ်ဘူး” ဆိုသော ဝေဖန်ချက်ကို ချေဖျက်မည်ဟု   ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။

ဇူလိုင်လ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းအစိုးရအဖွဲ့၊အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားများတွေ့ဆုံကာ စာပေစကားဝိုင်းကျင်းပရေးအတွက် ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးနှင့် တိုင်းအစိုးရအဖွဲ့တို့ ပြုလုပ်ခဲ့သော ညှိနှိုင်းဆွေးနွေးပွတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"လူငယ်တွေစာမဖတ်ဘူး ပြောပြောနေတဲ့ဟာသည် လုံးဝဥဿုန် မှန်ကန်တဲ့စကားမဟုတ်ဘူးဆိုတာကို ဒီလူငယ်တွေနဲ့ဆွေးနွေးဝိုင်းကျင်းပပြီးလို့ရှိရင် အများသိသွားလိမ့်မယ်ဆိုတဲ့ အချက်တစ်ချက် ပါပါ တယ်။ နောက်တစ်ချက်က မန္တလေးမြို့ကလူငယ်တွေ စာဖတ်တယ်ဆိုတဲ့အကြောင်းကို နိုင်ငံက သိသွားပါလိမ့်မယ်။" ဟု ဦးဖေမြင့်က ပြောကြားသည်။

လာမည့်သြဂုတ်အတွင်း မန္တလေးတက္ကသိုလ်တွင်ကျင်းပမည့် လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌ အဆိုပါ စာပေစကားဝိုင်းကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ် ၁၃ ခုမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့ပါဝင်မည်ဟု သိရသည်။

 “ပညာရေးဝန်ကြီးဌာနက ရွေးချယ်ထားတဲ့ မန္တလေးအခြေစိုက် တက္ကသိုလ် ၁၃ခုက ကျောင်းသား၊ ကျောင်းသူ ၂၀ နဲ့တွေ့ခဲ့ပါတယ်။ စာဖတ်တဲ့ကျောင်းသား၊ကျောင်းသူတွေပါ။ ကျွန်တော်တို့ တွေ့ဆုံပြီးတော့ ဒီနိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ စာပေစကားဝိုင်းဖွဲ့ရင်တော့ဖြင့် ဘယ်လိုပုံသဏ္ဍန်နဲ့ပြောဆို စရာရှိလဲ။ဘယ်နားလေးက ဘယ်လိုရှိမယ်။အဲဒီအချိန်မှာ ပါဝင်ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ စကားဝိုင်း ပုံသဏ္ဍာန်နဲ့ပတ်သက်ပြီးတော့ နည်းနည်း သူတို့နဲ့တွေ့ဆုံဆွေးနွေး ပြောဆိုခဲ့ပါတယ်”ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်က ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စာပေစကားဝိုင်းပြုလုပ်မည့် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးကို ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးက သွားရောက်တွေ့ဆုံခဲ့ပြီး ဝင်ရောက်ဆွေးနွေးမည့် ကျောင်းသူကျောင်းသားများသည် စာပေအကြောင်းအရာများကို ယုံကြည်ပြည့်ဝစွာ ပြောဆိုနိုင်သောကြောင့် အားရကျေနပ်ကြောင်း ဦးဖေမြင့်က ဆိုသည်။

လူငယ်ဘက်စုံပွဲတော်ကို မန္တလေးတက္ကသိုလ်၌ ကျင်းပခြင်းသည် တက္ကသိုလ်၏ပုံရိပ်တိုးတက်စေရန် တာဝန်ယူ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မန္တလေးတက္ကသိုလ်မှ လူငယ်များ တွေ့ဆုံကာ စာပေစကားဝိုင်းဆွေးနွေးခြင်းကို သမိုင်းဝင်ကျန်ရစ်စေချင်ကြောင်း မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly