အလှကုန်၊ ဆေးပစ္စည်းနှင့်ဓာတ်ခွဲခန်းများအတွက် ဥပဒေအသစ် ၃ ခု ရေးဆွဲနေ

အလှကုန်၊ ဆေးပစ္စည်းနှင့်ဓာတ်ခွဲခန်းများအတွက် ဥပဒေအသစ် ၃ ခု ရေးဆွဲနေ

 

နေပြည်တော်၊ ဇူလိုင်၂၄ ။                      ။ အမျိုးသားအစားအသောက်နှင့် အမျိုးသားဆေးဝါးဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြင်ဆင်နေပြီး အလှကုန်၊ ဆေးပစ္စည်းနှင့် ဓာတ်ခွဲခန်းများအတွက် ဥပဒေသစ် ၃ ခုကို ထပ်မံရေးဆွဲနေပြီ ဖြစ်သည်ဟု FDA မှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က နေပြည်တော်ရှိ FDA ရုံးတွင် မီဒီယာများကို ပြောခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အသစ်ရေးနေတဲ့ Law သုံးခု ရှိပါတယ်။ အဲဒါကတော့ အလှကုန်ပစ္စည်းဆိုင်ရာ ဥပဒေရယ် ဆေးပစ္စည်းဆိုင်ရာ ဥပဒေရယ်၊ ဓာတ်ခွဲခန်းဆိုင်ရာ ဥပဒေဆိုပြီးတော့ ကျွန်တော်တို့ ဒါကို အသစ် ရေးဆွဲနေပါတယ်။ မူကြမ်းတွေလည်း ထွက်သင့်သလောက် ထွက်နေပါပြီ။” ဟု ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

ထို ဥပဒေသစ် သုံးခု ရေးဆွဲမှုပြီးစီးပါက အစားအသောက်နှင့် ဆေးဝါးများတွင် ပါရှိတတ်သော ဓာတုဆိုးဆေး များနှင့် အန္တရာယ်ဖြစ်စေနိုင်သော အရာများကို ပြည်သူများအတွက် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး ပိုမို ကြီးကြပ်နိုင်လာမည်ဟု ဆိုသည်။

“ကျန်တဲ့ အလှကုန်ပစ္စည်းတွေ ၊ ဆေးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေလည်းထပ်ပြီးတော့ ရေးဆွဲရ တယ်။ ရေးဆွဲတယ်ဆိုတော့ ဥပဒေရှိမှသာလျှင် ကျွန်တော်တို့ ကြီးကြပ်ကွပ်ကဲတဲ့ အလုပ်က ကောင်းကောင်း မွန်မွန်လုပ်လို့ရမှာပါ။ တော်ရုံတန်ရုံက ဥပမာ ငွေဒဏ်လေး တစ်ထောင်လောက်နဲ့ဟာကို ကျွန်တော်တို့ တရားသွားစွဲတယ်။ ဟိုက ပျော်ပျော်ကြီးပဲ ပေးလိုက်မှာ ပိုက်ဆံတွေကို ။ နည်းတောင် နည်းသေးတယ် ဆိုပြီးတော့ ဒါမျိုးပေါ့။ ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေတွေ ပြင်းထန်တဲ့ အမိန့်တွေ ဒါမျိုးတွေပေါ့” ဟု ဥပဒေသစ်များ ထပ်မံရေးဆွဲပြီး၊ယခင် ဥပဒေများကို ပြန်လည်စိစစ်ရသည့် အကြောင်းကို ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

ယခင် ၁၉၇၂ခုနှစ် ပြည်သူ့ ကျန်းမာရေး ဥပဒေထဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး(FDA) နှင့် ဆိုင်သည့် ဥပဒေသည် အနည်းသာပါရှိသည့်ပြီး ခိုင်မာမှုအားနည်းနေသည့်အတွက်ကြောင့် အမျိုးသား စီးပွားဥပဒေ၊ အမျိုးသားအစားအသောက် ဥပဒေဟု ခွဲထွက်ကာ သီးခြားဥပဒေများ ပြဋ္ဌာန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆေးဆိုင်နှစ်ဆိုင်တွင်  တရားမဝင်ဆေးတွေ့ရှိခဲ့ရာတွင် တွေ့ရှိမှုပေါ် မူတည်ပြီး တရားရုံးမှ ထောင်ဒဏ်၂ ပါတ်နှင့် ငွေဒဏ် တစ်သိန်းသာ လက်ရှိ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သေးကြောင်း FDA ဒုညွှန်မှူးက ဆိုသည်။

FDA အနေဖြင့် အစားအသောက် ဥပဒေ၊ ဆေးဝါးဥပဒေ၊ အလှကုန် ဥပဒေ၊ ဆေးပစ္စည်းဥပဒေနှင့် ဓာတ်ခွဲခန်း ဥပဒေ အစရှိသော  ဥပဒေ ၅ ခုကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly