မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် သက်တမ်းပျက်ကုမ္ပဏီများအားလုံး အွန်လိုင်းမှ မှတ်ပုံတင်ရမည်

မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် သက်တမ်းပျက်ကုမ္ပဏီများအားလုံး အွန်လိုင်းမှ မှတ်ပုံတင်ရမည်

ဇူလိုင် ၂၄။                    ။ မြန်မာနိုင်ငံရှိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများနှင့် သက်တမ်းပျက်ကုမ္ပဏီများ အားလုံး သြဂုတ်လ ၁ ရက်မှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် ပြန်လည်မှတ်ပုံတင်ရမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

ဇူလိုင် ၂၃ ရက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် "မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ နှင့် အီလက်ထရောနစ်မှတ်ပုံတင်ခြင်း (MyCo) ရှင်းလင်းဆွေးနွေးပွဲ" တွင် ပြောခဲ့ခြင်းဖြစ်သည်။

"လက်ရှိမှတ်ပုံတင်ထားသော ကုမ္ပဏီများအားလုံး ပြန်လည်မှတ်ပုံတင်ဖို့ လိုအပ်ပါမယ်။ ကျွန်တော်တို့၊ ကျွန်မတို့ကုမ္ပဏီက သက်တမ်းပျက်နေတာ ဘယ် နှစ် နှစ်ရှိပြီ၊ ပြန်မှတ်ပုံတင်လို့ရလား မေးရင် ရပါတယ်။ ဒါပေမယ့် သက်တမ်းပျက်ကုမ္ပဏီကတော့ မှတ်ပုံတင်ကြေးအသစ်ကဲ့သို့ပဲ ၂ သိန်းခွဲသွင်းဖို့ လိုပါတယ်။ အရေးပေါ် သက်တမ်းပျက်ဒဏ်ကြေးတွေ မရှိတော့ပါဘူး" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ထို့ကြောင့် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးဖြစ်သော သက်တမ်းပျက်ကုမ္ပဏီများသည်လည်း သက်တမ်းပျက် ဒဏ်ကြေး ပေးဆောင်ရန် မလိုအပ်ဘဲ သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ၂ သိန်းခွဲပေးသွင်းကာ ပြန်လည်မှတ်ပုံတင်နိုင်မည် ဖြစ်သည်။

မှတ်ပုံတင်သက်တမ်းရှိကုမ္ပဏီများ၊ မှတ်ပုံတင်သက်တမ်းကုန် ကုမ္ပဏီများအားလုံး ပြန်လည် မှတ်ပုံတင်နိုင်ရန် လာမည့် သြဂုတ်လ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ၆ လအတွင်း အွန်လိုင်းမှ ပြန်လည် မှတ်ပုံတင်နိုင်မည် ဖြစ်သည်။

၁၉၁၄ ခုနှစ်မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေသည် ခေတ်နောက်ကျနေသောကြောင့် ဥပဒေကို ခေတ်မီအောင် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ကို သမ္မတလက်မှတ်ထိုး ၍ ပြဋ္ဌာန်းနိုင်ရန် အချိန် ၃ နှစ်ကျော်ကြာ အချိန်ယူခဲ့ရကြောင်း သိရသည်။

ကုမ္ပဏီများပြန်လည် မှတ်ပုံတင်ရမည့် ဝက်ဘ်ဆိုက်လိပ်စာမှာ www.myco.dica.gov.mm ဖြစ်ပြီး ကျွမ်းကျင်သူတစ်ဦး မှတ်ပုံတင်ပါက ၁၅မိနစ်ခန့်သာ ကြာမြင့်မည်ဟု သိရသည်။

ထို့ပြင်  အသေးစိတ်ရေးဆွဲထားပြီးဖြစ်သော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ တွင် နည်းဥပဒေ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required