မြန်မာနိုင်ငံ စက်မှုထုတ်ကုန် တိုးမြှင့်လာစေရန် နိုင်ငံတကာ စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းနှင့် တွဲဖက်ပစ္စည်းပြပွဲ INTERMACH & SUBCON Myanmar 2015 ကို ကဏ္ဍနှစ်ခုခွဲ၍ စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်ထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပမည်ဟု မြန်မာ့စက်မှုလုပ်ငန်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက မဇ္ဈိမကို ပြောသည်။
'' INTERMACH ဆိုတဲ့ နိုင်ငံတကာ စက်မှုဆိုင်ရာပြပွဲက ကမ္ဘာ့အဆင့် ၈ နိုင်ငံထုတ်တဲ့ကုန် ပစ္စည်းတွေကို ပြမှာက တစ်ပိုင်း၊ နောက်တစ်ပိုင်း Subcon Myanmar ကျတော့ ပုံမှန်ပြပွဲတွေနဲ့ပြောင်း ပြန်၊ ပုံမှန်ပြပွဲတွေက ပစ္စည်းရောင်းချင်သူက လာပြတာ၊ ဝယ်သူကို လာရှာတာ။ SUBCON Myanmar က ပစ္စည်းထုတ်လုပ်ပေးသွင်းနိုင်တဲ့ လူကို လာရှာတာ ဒါကြောင့် ဒီပွဲက ထူးခြားတယ်'' ဟု ၎င်းက ရှင်းပြသည်။
ပြပွဲကြီးတွင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ စင်ကာပူ၊ ဆွီဒင်၊ ထိုင်း၊ ဗြိတိန်နှင့် အမေရိကန်မှ အမှတ်တံဆိပ် တစ်ရာကျော်က စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းအမျိုး သုံးရာကျော်ကို ပြသမည်ဟု မြန်မာ့စက်မှုလုပ်ငန်း အသင်းချုပ်နှင့် ပူးပေါင်း၍ ပြပွဲစီစဉ်သူ UMB Asia (Thailand) ကုမ္ပဏီ၏ ဒါရိုက်တာ Mr.Sanchai Noombunnam က စက်တင်ဘာ ၃ ရက်က မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ်(UMFCCI) တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးဆဲစက်မှုလုပ်ငန်းများတွင် လိုအပ်နေသည့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စက်ကိရိယာများ၊ မော်တော်ယာဉ်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ပစ္စည်းများ၊ မိုနှင့် ပုံလောင်းဒိုင် များ၊လျှပ်စစ်နှင့် အီလက်ထရွန်းနစ် အစိတ်အပိုင်းများ ပြသမည်ဟု ၎င်းက ဆိုသည်။
'' ပြိုင်ဆိုင်မှုနည်းတာ၊ စီးပွားရေးလုပ်ငန်း အသေးစားတွေနဲ့ ကုန်ပစ္စည်းကောင်း အသိအမှတ် ပြုမှုတို့ဟာ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ကောင်းကျိုးတချို့ပါ။ ထိုင်းကုမ္ပဏီ ၄၀ ကျော်ကို ဒီပြပွဲမှာ ပြည်တွင်း ထုတ်လုပ်သူတွေနဲ့ ချိတ်ဆက်ပေးပြီး မိတ်ဆွေဖွဲ့နိုင်အောင် ကူညီပေးမှာပါ။ ကုန်အမှတ်တံ ဆိပ်တည်ထောင်နိုင်အောင်၊ ထုတ်ကုန်တွေ လွယ်လွယ်နဲ့ ဈေးကွက် ထိုးဖောက်နိုင်အောင်၊ ကုန်ကျစ ရိတ်သက် သာအောင် လုပ်နိုင်ပါလိမ့်မယ်'' ဟု Thai Subcon Association ဥက္ကဋ္ဌ Mr. Somkiat Chupukcharoen က ပြောကြားသည်။
တတိယကြိမ်မြောက် INTERMACH & SUBCON MYANMAR 2015 သည် စီးပွားရေးပြပွဲသာ မက အောင်မြင်မှုရရှိရန် ကြိုးပမ်းနေသည့် စီးပွားရေးလုပ်ငန်းငယ်များကို အထောက်အပံ့ပေးပြီး ပိုမို အောင်မြင်မှုရရန် ထိုင်းနိုင်ငံမှ နာမည်ကြီး အော်ပရေတာများ၊ ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်း ကွန်ရက်များ ချိတ်ဆက်ခြင်း၊ မိတ်ဆွေဖွဲ့ ဆောင်ရွက်ခြင်း တို့ ပြုလုပ်နိုင်မည် ဟု ဒေါက်တာအောင်သိန်း က ပြောသည်။
ပထမကြိမ်နှင့် ဒုတိယကြိမ်မြောက် INTERMACH & SUBCON MYANMAR 2015 များကို ၂၀၁၃၊ ၂၀၁၄ ခုတို့တွင် ရန်ကုန်မြို့ တပ်မတော်ခန်းမ၌တွင် ကျင်းပခဲ့သည်။