အမျိုးသမီးတစ်ဦးအား တရုတ်သို့ ရောင်းချခဲ့သောအမျိုးသမီး၂ ဦးအား ဖမ်းဆီးအမှုဖွင့်

အမျိုးသမီးတစ်ဦးအား တရုတ်သို့ ရောင်းချခဲ့သောအမျိုးသမီး၂ ဦးအား ဖမ်းဆီးအမှုဖွင့်

မိုးကောင်း၊ ဇူလိုင် ၂၄ ။            ။ တရုတ်နိုင်ငံ၊ လုံလင်မြို့နေ တရုတ်အမျိုးသားထံသို့ အမျိုးသမီးတစ်ဦးအား လူကုန်ကူးခံရ၍ ဆက်သွယ်နိုင် သည်ဆိုသော တရုတ်ဖုန်းတစ်လုံးမှတဆင့် လူကုန်ကူးရောင်းစားခဲ့သူ အမျိုးသမီး ၂ ဦးအား ဖမ်းဆီးအမှုဖွင့်အရေးယူထားကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သတင်းရ၍ လွယ်ဂျယ်နယ်မြေရဲစခန်းမှ အဆိုပါဖုန်းအား ဆက်သွယ်ခဲ့ရာ မိုးကောင်းမြို့နယ်၊ မင်းကုန်းကျေးရွာနေ မ----အား တရုတ်အမျိုးသားကို လက်ထပ်ပေါင်းသင်းပါက ကျပ် သိန်း ၄၀ ရမည် ဖြစ်ကြောင်း၊ငွေကို မိဘထံပို့ပေးမည်ဖြစ်ကြောင်း၊  ၁ နှစ် ၂ နှစ်ခန့် နေပါက မိဘထံ ပြန်လာနိုင်ကြောင်း စည်းရုံးပြီး ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

မရွယ်နူးဆိုသူ အမျိုးသမီးက We Chat မှ တဆင့် မဂျာနောင် ဆိုသူ နှင့် ဆက်သွယ်ပေးခဲ့ပြီး မ……ကို  ဓာတ်ပုံ ရိုက်ယူ၍ မဂျာနောင်ဆီ ပို့ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံ၊ လုံလင်မြို့နေ အသက် ၄၀ ခန့်ရှိ တရုတ်အမျိုးသားဆီ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ၂ လ ကျော်ခန့်ပေါင်းသင်းနေထိုင်ခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ လူကုန်ကူးခဲ့သူ အမျိုးသမီး၂ ဦးသည် တရုတ်အမျိုးသားထံသို့ တရုတ်ငွေ ယွမ် ၆၆၀၀၀ ဖြင့် မ………ကို ရောင်းစားထားခဲ့ပြီး အဆိုပါ အမျိုးသားပေးသော ယွမ် ၆၆၀၀၀ကို မရွယ်နူးက ယွမ် ၃၀၀၀၀ ၊ မဂျာနောင်က ယွမ် ၃၆၀၀၀ ခွဲယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မိုးမောက်မြို့နယ်၊ စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ မရွယ်နူးနှင့် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ဂိတ်တွင် မဂျာနောင်အား ဇူလိုင်လ ၁၇ ရက် တွင် ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဒုရဲအုပ် ထွန်းနိုင်လင်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် လွယ်ဂျယ်နယ်မြေရဲစခန်း (ပ) ၂၂/၂၀၁၈ ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄/၃၂ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

မူလ အခင်းဖြစ်နေရာသည် မိုးကောင်းအပိုင်ဖြစ်၍ ဇူလိုင်၂၂ရက် မနက် ၁၀နာရီတွင် မိုးကောင်းမြို့နယ်ကဝါးယံ ကျေးရွာမှ မရွယ်နူး(၃၇)နှစ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းမှ မဂျာနောင်(၃၈)နှစ်တို့အား Oppo စာတန်းပါ ရွှေအိုရောင်လက်ကိုင်ဖုန်း တစ်လုံး၊ မြန်မာ-တရုတ်နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်အနီရောင်စာအုပ်တစ်အုပ် နှင့်အတူ မိုးကောင်းမြို့မရဲစခန်းမှ လွှဲပြောင်း အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly