ကျွန်းသစ်သားကုန်ကြမ်းရရှိရန် အခက်အခဲများရှိနေဟု ပန်းပုလုပ်ငန်းရှင်အချို့ဆို

ကျွန်းသစ်သားကုန်ကြမ်းရရှိရန် အခက်အခဲများရှိနေဟု ပန်းပုလုပ်ငန်းရှင်အချို့ဆို

မန္တလေး၊ ဇူလိုင် ၂၃ ။                          ။ သစ်ထွင်းလက်မှု ပန်းပုလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ကျွန်းသစ်သားကုန်ကြမ်း ရရှိရန် အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ပန်းပုလုပ်ငန်းများ ပျောက်ကွယ်သွားနိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်များအတွင်း တစ်နိုင်တစ်ပိုင်လုပ်နေသည့် ပန်းပုလုပ်ငန်းရှင် အချို့က ဆိုသည်။

တစ်နိုင်တစ်ပိုင် ပန်းပုလုပ်ကိုင်နေသူများကို နေအိမ်တစ်အိမ်တွင် ကျွန်းတစ်တန်ထက် ပို၍ မထားရှိရန် သစ်တောဥပဒေအရ တားမြစ်ထားသလို အစိုးရအဖွဲ့ထံမှလည်း လုံလောက်စွာ ဝယ်ယူခွင့်မပေးခြင်းကြောင့် လုပ်ငန်းရပ်တည်ရန် အခက်အခဲများရှိနေခြင်းဖြစ်သည်။

"၆ ပေ မျက်နှာကျက် ၁၀ ခုအလုပ်အပ်ရင် ကျွန်းသစ် ၆ တန်လောက်လိုတော့ တစ်အိမ်ကို တစ်တန်လောက်ပဲ ရှိရမယ်ဆိုတာက အခက်အခဲဖြစ်တယ်။ကျော်ရင် သစ်တောက ဖမ်းတယ်။ ဒီလထဲမှာ၂ အိမ်လောက်ပါသွား တယ်။ အစိုးရဆီက မရတော့မှောင်ခိုဝယ်ပြီး လုပ်ရတော့ လူစိမ်းမြင်ရင်ကို ကြောက်နေရတယ်။ ခုလိုသာဆို
မလုပ်ရဲ၊ မကိုင်ရဲနဲ့ ကြာရင်ပျောက်ကွယ်သွားမယ်။"ဟု သစ်ထွင်းပန်းပု ထုလုပ်နေသူ ဦးအောင်ဇော်မင်းက ပြောသည်။

သစ်သားပန်းပုများမှာ သာသနာဆိုင်ရာ အဆောက်အအုံများ၊ဟိုတယ်ကဲ့သို့ခန့်ညားစွာ တည်ဆောက်သည့် အဆောက်အအုံများ၌ ပန်းဆွဲ၊ပန်းထောင်၊နဖူးစီး၊တံခါးဘောင်၊မျက်နှာကျက် စသည်တို့တွင် ကျွန်းသား ဖြင့် ထုလုပ်သည့် သစ်သားပန်းပုများဖြင့် အလှဆင်ကြခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းမှာ ရှေးရိုးအစဉ်အဆက် မြန်မာ့ရိုးရာ သစ်ထွင်းပန်းပုလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

"လုပ်ငန်းလက်ခံထားတဲ့ အတိုင်းလုပ်ဖို့ ကျွန်းသားလုံလောက်အောင်လည်း အိမ်မှာ ထားလို့လည်း မရတော့ အလုပ် အပ်သလောက် လက်ခံဖို့ခက်ခဲလို့ စီးပွားဖြစ် လုပ်မရဘူး။ဟိုတုန်းက အိမ်တိုင်းစေ့ သစ်သားထုသံတွေ
ညံနေတာပဲ။ နည်းနည်းခြင်း မှောင်ခိုသွားဝယ်ပြီးလုပ်တော့ ဈေးကြီးပေးရတယ်။"ဟု ဦးအောင်ဇော်မင်းက ပြောသည်။

သစ်ထွင်းပန်းပုများကို ပြည်တွင်းတွင် အသုံးပြုသူရှိသလို ထိုင်းနိုင်ငံသို့လည်း အများဆုံး တင်ပို့ရကြောင်း သိရသည်။

လတ်တလောအခြေအနေတွင် သစ်ရရှိမှုခက်ခဲခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်သူ တစ်ဝက်ခန့် လျှော့နည်းလာ ကြောင်းလည်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းသူက"ပန်းပုသမားတွေက တစ်တန်ထက် ဘယ်လောက်ထားချင်သလဲဆိုတာ ခွင့်ပြုချက် ယူထားလို့ ရပါတယ်။သူတို့က ခွင့်ပြုစာရွက် မရှိလို့ဖြစ်မယ်။ လုပ်ငန်းပေါ်မူတည်ပြီး ဘယ်လောက်ထိထားချင်လဲဆိုတာ လုပ်လို့ရတယ်။ ဈေးကြီးတော့
မလုပ်ဘဲ ထားတာဖြစ်မယ်။ လုပ်ငန်းသက်တမ်းတိုးတဲ့အခါ ဘယ်နှစ်တန်ဖြစ်ဖြစ် ထားလို့ရတဲ့ ပါမစ်ယူလို့ ရတယ်။"ဟုပြောသည်။

ပန်းပုလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းပေါ်မူတည်၍ ထားရှိအသုံးပြုမည့် ကျွန်းတန်ချိန်ကို သက်ဆိုင်ရာကို လျှောက်ထားခွင့်ရှိသလို လုပ်ငန်းလိုင်စင် သက်တန်းတိုးသည့် အချိန်များတွင် ထားရှိ လုပ်ကိုင်မည့် ကျွန်း ဘယ်နှစ်တန်ဆိုတာကို တင်ပြနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly