ပျက်စီးသွားသည့်ကတ္တရာလမ်းအား လမ်းဦးစီးဌာနမှ စိုက်ပြီး ပြန်ပြင်မည်

ပျက်စီးသွားသည့်ကတ္တရာလမ်းအား လမ်းဦးစီးဌာနမှ စိုက်ပြီး ပြန်ပြင်မည်

 

ပုသိမ်၊ ဇူလိုင်၂၃ ။                    ။  ပုသိမ်မြို့၊ တံတားကြီးတန်းလမ်းအား တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ခင်းခဲ့သည့် နိုင်လွန်ကတ္တရာလမ်းသည် မိုးရွာသွန်းအပြီး  ပျက်စီးသွားခဲ့မှုအား လမ်းဦးစီးဌာနတာဝန်ရှိသူများကိုယ်တိုင် စိုက်ပြီး ပြန်ပြင်ပေးသွားမည်ဟု သိရသည်။

 “ ဒီနှစ်မှာ မိုးကလည်းများတယ်။ စောလည်းစောတယ်။ ကတ္တရာ အသားတက်ဖို့ အချိန်မရဘူး။ မိုးရေမိသွားတဲ့ အချိန်မှာပဲ လမ်းရဲ့၂ ရာနှုန်းလောက် ထိသွားတာပါ။ အခု ဆိုးတဲ့နေရာလေးတွေကို လုပ်နေတယ်၊ ကျွန်တော်တို့ဘက်ကနေ ဖြစ်သွားတဲ့ကိစ္စဆိုတော့ ကောင်းအောင် ကိုယ်အစီအစဉ်နဲ့ကိုယ်ကျခံလုပ်မှာ။ ရာသီဥတုကြောင့် ဖြစ်သွားတာပါ။ အခု သွားလာတာ အဆင်ပြေအောင် လုပ်နေပါတယ်၊သိပ်တော့ များများစားစား ကုန်မှာမဟုတ်ပါဘူး ”ဟု ပုသိမ်ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်အင်ဂျင်နီယာဦးညီညီအောင်က ပြောသည်။

 ပုသိမ်မြို့နယ်၊တံတားကြီးတန်းလမ်းသည် အရှည် ၂မိုင် ကျော်ရှိပြီး၊ အကျယ် ၄၆ ပေရှိ လမ်းဖြစ်ပြီး  နိုင်လွန် ကတ္တရာခင်းခြင်းအား သြင်္ကန်အပြီးတွင် ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး၊ လမ်း၏၂ရာနှုန်းမှာ မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားကြောင်း သိရှိရသည်။

 “နွေရာသီမှာပဲ လုပ်ချင်တာပေါ့။ ဘတ်ဂျက်အနေအထား ၊ တိုင်းအစိုးရရန်ပုံငွေနဲ့ တစ်လအတွင်း ပြီးအောင် လုပ်ရတဲ့လုပ်ငန်းဖြစ်နေတော့ ရာသီဥတုကို လုပြီးလုပ်ရတဲ့ အနေအထားပေါ့ ။ သူတို့ပြီးစီးအောင် တာဝန်ခံပြီး ပြန်လုပ်ရမှာပေါ့ ။  မလုပ်ဘူးဆိုရင် ကျွန်တော်တို့က စိစစ်ဆောင်ရွက်ရမဲ့အပိုင်းတွေ ရှိလာမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ပုသိမ်မြို့တံတားကြီးတန်းလမ်းအား တိုင်းဒေသကြီးအစိုးရရန်ပုံငွေ(GRF) တစ်ဘီလီယံကျော်ဖြင့် ၂၀၁၈ ခုနှစ် ဧပြီလတွင် လမ်းဦးစီးဌာနမှ  တာဝန်ယူပြီး နိုင်လွန်ကတ္တရာခင်းခဲ့ခြင်းဖြစ်သည်။

 “အခုဖြစ်တာလည်း ပလက်ဖောင်းဘေးက ဖြစ်တာ။  ကြပ်မတ်မှုအားနည်းတဲ့  မိုးတွင်းကြီးမှာ လုပ်ရတဲ့အတွက် ၊ လုပ်ရတဲ့အခါကျတော့ ညလုံးပေါက်လုပ်သလို အမှားအယွင်းဖြစ်မှာစိုးလို့ဆိုပြီး လုပ်တယ်။ ဘေးဘယ်ညာ လုပ်တဲ့အချိန်မှာ ကြပ်မတ်မှု အားနည်းလို့ ဖြစ်တယ်လို့ ထင်တယ်” ဟု ပုသိမ်မြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက ပြောသည်။

 အဆိုပါ ပျက်စီးသွားသည့် လမ်းပိုင်းအား လာမည့် ပွင့်လင်းရာသီတွင် နိုင်လွန်ကတ္တရာလမ်းအဖြစ် လမ်းဦးစီးဌာနမှ ပြန်လည်ခင်းပေးသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly