ကျွဲ၊ နွားများ တင်ပို့ရောင်းချမှုအား ကန့်သတ်တားမြစ်ပေးရန်အဆိုအား ဆွေးနွေးရန် မဲခွဲဆုံးဖြတ်

ကျွဲ၊ နွားများ တင်ပို့ရောင်းချမှုအား ကန့်သတ်တားမြစ်ပေးရန်အဆိုအား ဆွေးနွေးရန် မဲခွဲဆုံးဖြတ်

 

နေပြည်တော်၊ ဇူလိုင် ၂၃ ။                    ။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးတွင် အသုံးပြုသည့် စက်ကိရိယာများ အပြည့်အဝတင်သွင်း မသုံးစွဲနိုင်ခင် ခိုင်းကျွဲ၊ ခိုင်းနွားများကို ပြင်ပသို့ တင်ပို့ရောင်းချနေမှုများကို ကန့်သတ်တားမြစ်ပေးနိုင်ရန် ပြည်သူ့လွှတ်တော်အား တိုက်တွန်းကြောင်းအဆိုကို ယနေ့ ဇူလိုင်လ ၂၃ရက်နေ့ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း တင်သွင်းခဲ့သည့် “ စိုက်ပျိုးရေးစက်ကိရိယာများ အပြည့်အ၀ မတင်သွင်း၊ မသုံးစွဲနိုင်ခင်မှာ ရာသီအချိန်မှီ ထွန်ယက်စိုက်ပျိုးနိုင်စေရန် လယ်ယာတွင် အသုံးပြုနေသော ခိုင်းကျွဲ၊ နွားများအား ပြင်ပသို့ တင်ပို့ရောင်းချနေခြင်းအား ကန့်သတ်တားမြစ်ပေးရန်နှင့် မှန်ကန်စွာ ကူညီထောက်ပံ့ ဖြေရှင်းပါရန် ပြည်သူ့လွှတ်တော်အစိုးရသို့ တိုက်တွန်းခဲ့သည်”  ဆိုသော အထက်ပါ အဆိုကို ဆွေးနွေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် လွှတ်တော်၏ သဘောထားဆန္ဒရယူရာတွင် ကန့်ကွက်ခဲ့သူ ရှိခဲ့သည့်အတွက် စက်ခလုတ်သုံးကာ လျို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် အသုံးပြုခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၈၆ ဦးအနက် ထောက်ခံဆန္ဒမဲပေါင်း၂၃၁မဲ၊ ကန့်ကွက်မဲ ၁၀၄မဲနှင့် ကြားနေဆန္ဒမဲ ၄ မဲနှင့် ဆွေးနွေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ဖြစ်နေတဲ့ ြ့ပသာနာက တောင်သူလယ်သမားတွေက ရောင်းချင်လို့ရောင်းတာ မဟုတ်ဘူး။ သူတို့ရဲ့ ခိုင်းကျွဲ ခိုင်းနွားတွေကို သူတို့က အကြွေးတွေ ပေးရမှာမို့လို့ ရောင်းကြတယ်။ အဲ့တော့ ဒီအကြွေးဖြစ်တဲ့ အကြောင်းတရားကတောင်သူလယ်သမား အပြစ်ကြီးမဟုတ်ဘူး။ စနစ်ကြီးတစ်ခုလုံးက ဂေဟစနစ်ကြီး တစ်ခုလုံးက ပျက်စီးနေတယ်။ မြန်မာနိုင်ငံက ရာသီဥတုဖောက်ပြန်တာ နံပါတ် ၂ ရှိနေတယ်။ ဒီလို ရာသီဥတုဖောက်ပြန်တဲ့ကြားထဲမှာ သူတို့ခမျာ စိုက်ပျိုးတဲ့အခါမှာ ဒီလို အကြွေးတွေဖြစ်တဲ့ဟာကို နိုင်ငံတော် အစိုးရက ကူညီထောက်ပံ့ပေးဖို့ဟာကို လိုအပ်တယ်” ဟု ဦးစိန်ဝင်းက တင်သွင်းခဲ့သည့် အဆိုနှင့်ပတ်သတ်ပြီး အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောခဲ့သည်။

ကျွဲအို၊ နွားအိုများကို တင်ပို့ရောင်းချသည်ဟုဆိုသော်လည်း အချို့မှောင်ခိုများကို ဖမ်းဆီးမိခဲ့သည့်နေရာများ တွင် မျိုးကောင်းမျိုးသန့်များ ပါရှိနေသည့်အတွက် စနစ်တကျနှင့် စီမံခန့်ခွဲမှုသည် အားနည်းနေကြောင်း ၎င်းက သုံးသပ်ခဲ့သည်။

“အဲဒီတော့ ဒီလိုမျိုးကောင်းမျိုးသန့်တွေ ဖယ်မယ်။ ဒီဟာကတော့ မင်းတို့ ပို့ချင်ပို့။ ဒါပေမယ့် ကြည့်လိုက်တဲ့ အနေအထားမှာ အန်ကယ်တို့က ခုနကပြောသလို နွားကြီးကောင်လုံးရောင်းမယ့်အစား ဒီကောင်ကို အရင် မျိုးထုတ်ရမယ်။ တိရိစ္ဆာန်မှန်သမျှက မျိုးထုတ်ရမယ်။ မျိုးထုတ်ပြီးရင် ဒီကောင်ကို ပွားအောင်လုပ်ရမယ်။ မွေးမြူနိုင်အောင်လုပ်ရမယ်။ တနိုင်တပိုင်မွေးနိုင်မယ့်ဟာတွေ ဆောင်ရွက်ရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် တောင်သူများကို ထွန်စက်ကဲ့သို့သော စက်ကိရိယာများကို အကြွေးစနစ်ဖြင့်ရောင်းချနေသော်လည်း တကယ့်လက်တွေ့တွင် အဆိုပါ စက်များကို ဝယ်ယူအသုံးပြုနိုင်သူများမှာ လူနည်းစုသာဖြစ်ပြီး လူများစုက ဝယ်မသုံးနိုင်သည့်အတွက် နှစ်တို၊ နှစ်ရှည် အကြွေးစနစ်ရောင်းချပေးနိုင်ရန်အတွက် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly