လမ်းပြောင်းပြန်မောင်းနှင်ခဲ့၍ အရေးယူခဲ့သည်ဆိုသော Airport Shuttle ယာဉ်မောင်းကိစ္စ ပြန်စိစစ်နေ

လမ်းပြောင်းပြန်မောင်းနှင်ခဲ့၍ အရေးယူခဲ့သည်ဆိုသော Airport Shuttle ယာဉ်မောင်းကိစ္စ ပြန်စိစစ်နေ

 

ရန်ကုန်၊ ဇူလိုင် ၂၃ ။           ။ ကမ္ဘာအေးလမ်းမပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်ခဲ့သည်ဟုဆိုကာ အရေးယူခဲ့သော ယာဉ်မောင်းကိစ္စအား ပြန်လည်စိစစ်နေကြောင်း Omni Focus General Services ကုမ္ပဏီလိမိတက်၏ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်း က ပြောသည်။

Omni Focus ကုမ္ပဏီ Airport Shuttle ယာဉ်လိုင်းမှ လမ်းကြောင်းပြောင်းပြန်မောင်းနှင်သည်ဟုဆိုကာ လူမှုကွန်ယက်တွင် ပျံ့နှံ့လာပြီးနောက် ယာဉ်မောင်းဖြစ်သူအား ကုမ္ပဏီမှထုတ်ပယ်ထားခဲ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက်နေ့ ကမ္ဘာအေးဘုရားလမ်းပေါ်၌ YBS ၃၀ နှင့် YBS ၆ ယာဉ်တိုက်မှုကြောင့် ကားများပိတ်ဆို့နေခဲ့သောကြောင့် Airport Shuttle ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူက YBS ၄ နှင့် YBS ၆၄ ကဲ့သို့ အခြားဘတ်စ်ကားများနည်းတူ လမ်းလယ်ကိုဖြတ်၍ လမ်းပြောင်းပြန်မောင်းနှင်ခဲ့သည်။

၎င်းဖြစ်ရပ်အပေါ်ကုမ္ပဏီမှ ယာဉ်မောင်းအား ယာဉ်လိုင်းမှရာသက်ပန်ထုတ်ပယ်ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့အခုပြန်တော့စစ်နေတယ်။ စစ်တဲ့နေရာမှာဘာလဲဆိုတော့ အဓိက က ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ဥပဒေရှိပြီးသားလေ။ အဲဒီဥပဒေတွေပဲ လိုက်နာရမှာပေါ့နော်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ လမ်းပြောင်းပြန်မောင်းတာက ပေါ်တယ် အဓိကကတော့တစ်ခု။ ပြီးတော့သူဒီလိုလုပ်လိုက်တဲ့အတွက် လက်ရှိ ကျွန်တော်တို့ကုမ္ပဏီရဲ့သွားနေတဲ့ပုံစံပေါ့ ၊ အဓိက မကိုက်ညီဘူးပေါ့ဗျာ။ နောက်တစ်ခု ကျွန်တော်တို့ကုမ္ပဏီက စည်းနဲ့ကမ်းနဲ့ သွားရမယ့်ပုံစံမျိုးရှိပြီးသားကိုး" ဟု မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်း က ပြောသည်။

ယာဉ်တိုက်မှုအခြေအနေအရ လမ်းပြောင်းပြန်မောင်းနင်ခဲ့သည်မှာ စည်းကမ်းချိုးဖောက်ရာရောက်နေပြီး ကုမ္ပဏီ၏ စည်းကမ်းအရ ထုတ်ပယ်ရခြင်းဖြစ်သည့်အပေါ်တွင် နားလည်ပေးစေလိုကြောင်းလည်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ အရေးယူမှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား အခွင့်ရေးပေးစေချင်ကြောင်း Airport Shuttle ယာဉ်လိုင်းကို စီးနင်းနေသည့် ခရီးသည်တစ်ဦးက ဝေဖန်ပြောဆိုခဲ့သည်။

"ဥပမာပေါ့နော် သူ့ကို ပထမဆုံး သတိပေးသင့်တယ်။ နောက်တစ်ခေါက် ဆက်လုပ်တယ်ဆိုတော့မှ ဒဏ်ပေးပြီးတော့ ထုတ်ပယ်သင့်တယ်လို့ထင်တယ်" ဟု Airport Shuttle စီးနင်းသူ မမြတ်လေးနွယ် က ပြောသည်။

၎င်းတို့ကုမ္ပဏီမှ ယာဉ်မောင်းကိုထုတ်ပယ်ခဲ့သော်လည်း YRTA ၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ အခြား ယာဉ်လိုင်းများတွင် လုပ်ကိုင်ခွင့်ရရှိနိုင်မည်ဖြစ်သည်ဟု ဦးထွန်းတောက်ဝင်းက ဆိုသည်။

Omni Focus ကုမ္ပဏီတွင် လစဉ်စည်းကမ်းပိုင်းမလိုက်နာသည့် ယာဉ်မောင်း အနည်းဆုံး ၁ ယောက်မှ ၂ ယောက်ခန့်အထိ ထုတ်ပယ်မှုများ ပြုလုပ်နေသည်ဟု ကုမ္ပဏီဘက်မှ သိရသည်။
YBS-Airport Shuttle Bus အမည်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်-ဆူးလေ ယာဉ်လိုင်းအသစ်ကို ဇွန်လ ၂၂ ရက်နေ့က Omni Focus ကုမ္ပဏီမှ ယာဉ်အစီးရေ ၃၀ ဖြင့် စတင်ပြေးဆွဲပေးနေခြင်း  YBS ၂ဝ ယာဉ် လိုင်းနှင့် YBS ၅၆ ယာဉ်လိုင်းတို့ကိုပါ ပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly