နေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်သူများကို တားဆီးမှုဖြစ်ပွား

နေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်သူများကို တားဆီးမှုဖြစ်ပွား
ဓာတ်ပုံ - ဘိုဘို

 

မန္တလေး၊ ဇူလိုင် ၂၃ ။             ။ မန္တလေးတိုင်းဒေသကြီး ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာအနီးမှာ မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်နေမှုအား အပြီးတိုင်ဖျက်သိမ်းပေးရေးနှင့် ဖမ်းဆီးခံ ထားရသော တောင်သူ ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုချီတက်ဆန္ဒပြသူများအား ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ တားဆီးခဲ့သည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်၊နံနက်ပိုင်းက အောင်သပြေကျေးရွာနှင့်သရက်ကိုင်းကျေးရွာဒေသခံများ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့မှ နေပြည်တော်သို့ ချီတက်ဆန္ဒပြတောင်းဆိုရန် ထွက်ခွာလာခြင်းကို တားဆီးခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ဒေသခံတစ်ဦးကိုတော့ ဖမ်းဆီးတယ်။ခုလည်း ကမ္ဘာသိအောင်၊  သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် သိအောင် ချီတက်လမ်းလျှောက်မလို့ ပိတ်ပင်တားဆီးတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာ ပြည်သူကို ကာကွယ်ရမှာ ခုဟာက တောင်သူကို ဖိနှိပ်နေတယ်။"ဟု ဒေသခံတောင်သူ ဦးရွှေအုန်းက ပြောသည်။

အဆိုပါ တောင်သူများကို မန္တလေး-မိုးကုတ်လမ်းပိုင်း ကြာနီကန်ရဲကင်းရှေ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့ နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ  တားဆီးခဲ့ခြင်း ဖြစ်သည်။ လူစုခွဲပေးရန်၊ ရှေ့ဆက်လက် မထွက်ခွာရန် တားဆီးခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ပါက ငြိမ်းစုစီဥပဒေနှင့် အရေးယူမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆို တားဆီးခဲ့သည်။

ပုသိမ်ကြီးမြို့ပေါ်တက် ချီတက်ဆန္ဒပြ တောင်းဆိုရန်အတွက် သက်ဆိုင်ရာသို့အကြောင်းကြားစာ ပေးပို့ခဲ့ သော်လည်း ပုဂ္ဂိုလ်ရေးဟုဆိုကာ သက်ဆိုင်ရာမှ ခွင့်ပြုမပေးခဲ့ကြောင်း   တောင်သူများဘက်မှ ပြောသည်။

အောင်သပြေကျေးရွာက ဒေသခံတောင်သူတစ်ဦးကို ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲပိုင်းက လမ်းမြေကို ခြံစည်းရိုးကာသည်ဟုဆိုကာ ဖမ်းဆီးခဲ့သဖြင့် ပြန်လွှတ်ပေးရန် ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ သွားရောက်တောင်းဆိုခဲ့ကြသေးသည်။

ဒေသခံများအနေဖြင့် ဘိလပ်မြေစက်ရုံ အပြီးဖျက်သိမ်းပေးရန်၊ ဖမ်းဆီးခံထားရသူတစ်ဦးကို အမြန်ဆုံး ပြန်လွတ်ပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံတည်ဆောက်နေမှုကို စတင်တည်ဆောက်စဉ် ၂၀၁၄ ခုနှစ်ကတည်း ဒေသခံများအနေဖြင့် ကန့်ကွက်ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်ထိ ဆက်လက်ကန့်ကွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဒေသခံများ တားဆီးကန့်ကွက်နေသော ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံပန္နက်တင်အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးအချို့၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ၂၀၁၇ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်က တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်သောနေရာနှင့် အောင်သပြေကျေးရွာမှာ ပေ ၃၀ ခန့်သာ ကွာဝေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly