လိပ်ကျွန်းလူသတ်မှု ဘာဖြစ်သွားပြီလဲ (အကျိုးဆောင်ရှေ့နေနှင့် မေးမြန်းခြင်း)

လိပ်ကျွန်းလူသတ်မှု ဘာဖြစ်သွားပြီလဲ (အကျိုးဆောင်ရှေ့နေနှင့် မေးမြန်းခြင်း)

ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင် ကော့သောင်းကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်မှုခံရမှုတွင် ဖမ်းဆီးခံရစဉ် ထိုင်းရဲတပ်ဖွဲ့မှတစ်ဆင့် ဘာသာပြန် ကိုကမာ ဆိုသူက အသက် အန္တရာယ်ကို ခြိမ်းခြောက်မှုနှင့် နှိပ်စက်ရိုက်နက်မှုများ ခံခဲ့ရသဖြင့် မခံနိုင်တော့၍ နောက်ဆုံး ဝန်ခံခဲ့ရ သည်ဟု လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား ကိုဇော်လင်းက ထွက်ဆိုခဲ့သည် ဟု မြန်မာသံရုံး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာဝီသာရစ်နှင့် ဒေးဗစ်မေလာ တို့ သတ်ဖြတ်ခံရမှုတွင် ထိုင်းရဲတပ်ဖွဲ့ဘက်မှ တရားလိုပြသက်သေ ၃၆ ဦးကို စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာလ ၂ ရက်က ကိုဇော်လင်းကို ကော့စမွေ တရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မေး။    ။ မနေ့က စက်တင်ဘာလ ၂ ရက်က ကိုဇော်လင်းက အမှုနဲ့ပတ်သက်လို့ ဘယ်လို ထွက်ဆိုခဲ့ လဲ။

ဖြေ။    ။ ဇော်လင်းက မနက်ကတည်းကနေ ညနေ ၆ နာရီထိ စစ်ပါတယ်။ သူ့ထွက်ဆိုချက်က သူဟာ ဖြောင့်ချက်ပေးရတဲ့ အကြောင်းအရာနဲ့ ဒီအင်န်အေခေါ်တဲ့ တံတွေးယူသွားတဲ့ကိစ္စကို သူက စီကာပတ် ကုံး ထွက်ဆိုသွားပါတယ်။

မေး။    ။ သူ့ကို ဖြောင့်ချက်ယူတဲ့အခါမှာ ဘယ်လို နှိပ်စက်မှုတွေ ရှိခဲ့တယ်ဆိုတာ ထွက်ဆိုချက်မှာ ပါလား။

ဖြေ။    ။ အခုလောလောဆယ်မှာ ဖြောင့်ချက်ပေးတယ်ဆိုတဲ့ အချက်နဲ့ ဒီအင်န်အေတူတယ်ဆိုတဲ့ အချက်ပါ။ ဒီကလေးကို စစ်ဆေးတဲ့အခါမှာ ပထမဆုံးလွဲမှားချက်က သူတို့နေတဲ့ ၇ ယောက်လောက် အိပ်တဲ့အခန်းကို ညသန်းခေါင်ယံ ၁ နာရီလောက်မှာ လာဖမ်းတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိဘူး။ ကျန်တဲ့ ၆ ယောက်နဲ့ သူနဲ့ ခွဲပြီးတော့ ဖမ်းသွားတယ်။ ကားလည်း ခွဲတင်တယ်။ သူ့ကို လက် ထိပ်ရှေ့မှာ ခတ်ပြီးတော့ ဘယ်လဲမသိ ခေါ်သွားတယ်။ အဲဒီအချိန်မှာ စာရွက်က ပါမလာဘူး။ ဒါပေမဲ့ ရဲကားပေါ်တင်တဲ့ အချိန်မှာ သူ့ရဲ့လက်ထိပ်ကို နောက်ပြန် ပြန်ပြောင်းခတ်ပါတယ်။ သူ့ကို တစ်နေရာ ကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ သူ့ကို လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်တယ်။ သတ်လား၊ မသတ် ဘူးလားဆိုတာ မေးတယ်။ သူက မသိဘူး။ မသတ်ဘူးလို့ ပြောတယ်။ သူ့ကို စစ်တဲ့အခါမှာ aircon ရှိတဲ့ အခန်းထဲမှာပဲ။ အဲဒီမှာ စကားပြန်လည်း ရှိတယ်။ လက်ထိပ်လည်း ခတ်ထားတယ်။ သူ့ဘောင်းဘီကို ချွတ်လိုက်တယ်။ အဲဒီလို ချွတ်ပြီးတော့ အေးတဲ့အခန်းထဲမှာ ထိုင်ခိုင်းထားတယ်။

ခေါင်းကို ပလတ်စတစ် အိတ်အမည်းနဲ့ စွပ်တယ်။ စွပ်ပြီးတော့ လေဝင်လေထွက်မရှိတော့ အိတ်ကို သွားနဲ့ ကိုက်ဖောက်ပါတယ်။ အဲဒီလိုနဲ့ အသက်ရှူလို့ ရသွားတယ်။ နောက်တစ်အိတ် ထပ်စွပ်တယ်။ ၃ အိတ်လောက် စွပ်တယ်လို့ ပြောတယ်။ နောက် ဝန်ခံမလား၊ မဝန်ခံဘူးလားဆိုပြီး ပြောပါတယ်။ အဲဒါတွေ မကသေးဘဲ သူ့ရဲ့ နားနှစ်ဘက်ကို လက်ဝါးနဲ့ ညှပ်ရိုက်တာလည်း ရှိပါတယ်။ အဲဒီလိုမကဘဲ မျက်နှာကို လက်သီးနဲ့ ထိုးတာတို့ ပါလာတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူက လဲကျသွားတယ်။ လဲကျသွားတဲ့အခါမှာ ပြန်သတိထားပြီး ပြန်ထိုင်တဲ့အခါမှာ ဘယ်သူမှန်းမသိတဲ့လူက ဂွန်းစလေးနဲ့ တံတွေးယူပါတယ်။ သဘောက ဒီအင်န်အေ ယူတဲ့သဘောပါ။ ဘယ်သူမှန်းတော့ မသိဘူး။ မျက်နှာကို စည်းထားလို့၊ အဲဒီနောက် သူ့ကို ထမင်းခွံ့ကျွေးပါတယ်။ အဲဒီအချိန်မှာ လက်ထိပ်က နောက်ပြန်ခတ် ထားလို့။

ထမင်းကျွေးပြီးတော့ ဝန်ခံပါလို့ ပြောတယ်။ မဝန်ခံရင် မင်းသွားကို ပလာယာနဲ့ ညှပ်ထုတ် မယ်။ ဒါက ဘာသာပြန်က ပြောတာပေါ့လေ။ ပြီးရင် ပင်လယ်ထဲ ပစ်ချရင် အလောင်းမပေါ်ဘူး။ ထို့အတူပဲ မင်းနဲ့ အတူ ဖမ်းလာတဲ့ လူ ၆ ယောက်ကိုလည်း မြန်မာပြည် ပြန် ပို့လိုက်ပြီ။ မျက်မြင် သက်သေ မရှိဘူး။ မင်း သေသွားလို့ မင်းကို ဘယ်သူမှ မင်းသေပြီဆိုတာ မသိဘူး။ ပြောပြီး နောက်တခါ ထပ်ရိုက်တယ်။

မင်းအသက် မသေချင်ရင် မင်းဝန်ခံလိုက်ရင် ထောင် ၅ နှစ်ပဲ ကျမယ်။ မဝန်ခံဘူးဆိုရင် မင်းကို သတ်ပြီးတော့မှ ပင်လယ်ထဲ ငါးစာကျွေးမယ် လို့ပြောတဲ့အခါမှာ ခြိမ်းခြောက် ဒဏ်ကို မခံနိုင်လို့ အဆုံး မှာနောက်ဆုံးမှာ သူက ဝန်ခံလိုက်တယ်။ ဒါပေမဲ့ အဲဒီလို ဝန်မခံခင်လေးမှာ ဘာသာပြန်က ဆူရတ်ဌာနီက ဒုတိယ တရားခံဖြစ်တဲ့ ဝင်းဇော်ထွန်းတို့နဲ့ ဖုန်းခန ပေးပါတယ်။ သူက လက်ထိပ်ခတ် ထားတော့ ဖုန်းကိုင်လို့ မရဘူး။ အဲဒီမှာ ဝင်းဇော်ထွန်းက ငါ့ကိုလည်း မင်းလိုပဲ နှိပ်စက် တယ်။ အဲဒီလို ပြောပြီး ဖုန်းက ပိတ်လိုက်တယ်။ နောက်ဆုံးမှာ သူ့ကို ဝန်ခံတယ်ဆိုတဲ့ အကြောင်း အရာနဲ့ လက်မှတ်တွေ ထိုးခိုင်းတယ်။

မေး။    ။ ဇော်လင်းနဲ့အတူ ဖမ်းသွားတဲ့ လူ ၆ ယောက်ကရော ဘယ်မှာ ရှိနေလဲ။

ဖြေ။    ။ သူတို့က ဘယ်ရောက်နေလဲ မသိတော့ဘူး။ ကျွန်းမှာလည်း မရှိတော့ဘူး။ ကြားရတာ လောက်က အဲဒီအမှုဖြစ်တဲ့နောက် ကျွန်းမှာ မနေခိုင်းလို့ ပြန်သွားပြီလို့ ပြောတယ်။

မေး။    ။ လက်မှတ်ထိုးခိုင်းတဲ့လူက ဘယ်သူဆိုတာ သူသိလား။

ဖြေ။    ။ လက်မှတ်ထိုးခိုင်းတဲ့အချိန်မှာ အခန်းထဲမှာ ထိုင်းရဲတွေနဲ့ ဘာသာပြန် ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ထိုးလဲဆိုတော့ ဘာသာပြန်ကနေ ဒီနေရာ ဒီနေရာမှာ ထိုးပါဆိုပြီး ထောက်ပြပြီး လက်မှတ်ထိုးလိုက်တယ်။

မေး။    ။ ကိုဇော်လင်းကို နှိပ်စက်ရိုက်တဲ့အချိန်မှာ ဘယ်သူရိုက်တယ်ဆိုတာရော သိလား။

ဖြေ။    ။ ဘယ်သူရိုက်တယ်ဆိုတာ မသိဘူး။ သူ့မျက်နှာကို ပလတ်စတစ်နဲ့ စွပ်ထားတော့ မသိဘူး။

မေး။    ။ မောင်ဇော်လင်းကို ဘယ်နေ့ ထပ်စစ်မှာလဲ။

ဖြေ။    ။ စက်တင်ဘာ ၁၁ ရက်နေ့မှာ ထိုင်းမူခင်း ဆေးသိပ္ပံ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ပွန်ထစ် ကို ဒီအင်န်အေစစ်တာနဲ့ ပတ်သက်လို့ သက်သေခံပေးဖို့ စစ်လို့ပြီးရင် ညနေပိုင်းအချိန်ရရင် ဇော်လင်း ကို စစ်ဖြစ်မှာပါ။ နောက် စက်တင်ဘာလ ၂၁၊ ၂၂ ၊ ၂၃ မှာ ရက်ချိန်း ပေးထားတာ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly