ဇူလိုင်၂၃ ၊ ဖားကန့် ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ စိတ္တသုခကျောင်းတိုက် (အောက် ကျောင်း) ရှေ့လမ်းပေါ်တွင် ဓားဒဏ်ရာများဖြင့် လဲကျနေသူကို ကူညီပေးရန်ကြိုးစားသော လူငယ် ၂ ဦးအား လူ ၅ ဦးမှ ဓားဖြင့် ဝိုင်းခုတ်ကာ ဆိုင်ကယ်ယူဆောင်သွားမှု ဖြစ်ပွားခဲ့သည်။
ယမန်နေ့ ဇူလိုင်လ ၂၂ ရက် ည ၉ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဒဏ်ရာများဖြင့် သေဆုံးနေသူကို ဆိုင်ကယ်မှောက်သည်ထင်၍ ကူညီရန် ကြိုးစားရာမှ ယင်းသို့ဖြစ်ပွားခြင်း ဖြစ်သည်။
"ဆိုင်ကယ်မှောက်တယ်ထင်ပြီး ဝင်ကူဖို့ ကြိုးစားကြတဲ့ လူငယ်နှစ်ယောက်ကို ဓားနဲ့ ရန်ပြု သတ်ဖြတ်ဖို့ လိုက်တယ်။ ကိုယ်လွတ်ရုန်းပြေးကြချိန်မှာ သူတို့ ဆိုင်ကယ်ကို ယူသွားတယ်။ အများအတွက် အရမ်း စိုးရိမ်ထိတ်လန့်စရာကောင်းပါတယ်။ အဘက်ဘက်က တာဝန်ရှိ လူကြီးမင်းများ ခင်ဗျား တတ်နိုင်သလောက် လူထုကို နည်းနည်းတော့ ကာကွယ်ပေးကြပါလို့ တောင်းဆိုပါတယ် ” ဟု မှော်စီစာရွာမှ ကိုဖိုးပွားက ဆိုသည်။
လူငယ် တစ်ဦး၏ ညာဘက်လက်တံတောင်ဆစ်နေရာကို ဓားခုတ်ခံခဲ့ရပြီး ဆိုင်ကယ်နှင့်လူမှာ ဓားဒဏ်ရာများ ဖြင့် သေဆုံးနေကြောင်း အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူကို မှော်စီစာ မီးသတ်၊ အုပ်ချုပ်ရေးအဖွဲ့များမှ လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
" တရားခံကို စုံစမ်းနေတယ်။ သေဆုံးသူ ဆိုတာလည်း ဘယ်သူ ဘယ်ဝါဆိုတာ အခုချိန်ထိ မသိရသေးဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့ စုံစမ်းနေပါတယ် ” ဟု လုံးခင်း စခန်းမှူး စိန်မြင့်ထွန်းမှ မဇ္ဇျိမသို့ ပြောသည်။
အဆိုပါ လူတစ်ဦးသေဆုံးမှု၊ လူတစ်ဦး ဓားခုတ်ခံရမှုနှင့် ပတ်သက်၍ လုံးခင်း ရဲစခန်းမှာ (ပ)၉၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁/၁၁၄ အမှုဖွင့်ထားကြောင်း သိရသည်။