အီရန်အစိုးရ ထိပ်တန်းအရာရှိတွေကို အရေးယူရေး အမေရိကန်က ၀န်လေးခြင်း မရှိဟု ပြော

အီရန်အစိုးရ ထိပ်တန်းအရာရှိတွေကို အရေးယူရေး အမေရိကန်က ၀န်လေးခြင်း မရှိဟု ပြော

 

ဝါရှင်တန်၊ ဇူလိုင် ၂၃ ။          ။ အီရန်အစိုးရအဖွဲ့မှ ထိပ်တန်းအဆင့် အရာရှိတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အရေးယူတာကို အမေရိကန်အနေနဲ့ ဝန်လေးခြင်း မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ဇူလိုင် ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

“အီရန်အစိုးရရဲ့ ထိပ်တန်းအဆင့်မြင့်အရာရှိတွေကို အရေးယူဖို့ ကျွန်တော်တို့ တွန့်ဆုတ်စိုးရိမ်နေတာမျိုး မရှိဘူး။”လို့ ရေဂင်ဖောင်ဒေးရှင်းမှာ မိန့်ခွန်းပြောရာမှာ ပွန်ပီယိုက ပြောခဲ့တာဖြစ်ပါတယ်။

အီရန်ရဲ့ တရားစီရင်ရေးအကြီးအကဲ ဆာဒီလာရီဂျာနီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကို ရည်ရွယ်ပြီး  ၎င်းက ခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဒီအပြင်လည်း အားလုံးသော နိုင်ငံတွေအနေနဲ့ အီရန်ဆီက ရေနံ ဝယ်ယူမှုကို လုံး၀ မတင်သွင်းသလောက်နီးပါးအထိ လျှော့ချပစ်ဖို့လည်း အမေရိကန်အနေနဲ့ လိုလားတယ်လို့လည်း ပွန်ပီယိုက အတည်ပြု ပြောပါတယ်။

အီရန်အပေါ် စီးပွားရေး ဖိအားတွေ ပိုပြီးတော့ တိုးမြှင့်ချမှတ်ဖို့ အမေရိကန်ရဲ့ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းအဖြစ် နိုဝင်ဘာ ၄ ရက် မကျော်လွန်ခင်မှာ အီရန်ဆီက ရေနံတင်သွင်းမှုကို သုညအဆင့်နီးပါးအထိ အမေရိကန်က လျှော့ချစေလိုနေတာလည်း ဖြစ်ပါတယ်။

အီရန်နဲ့ အင်အားကြီးနိုင်ငံတွေ သဘောတူထားတဲ့ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီမှုကနေ ထရမ့်အစိုးရက နုတ်ထွက်လိုက်ပြီးနောက်မှာ တင်းမာမှုတွေ ဖြစ်တည်လာခဲ့ပြီး အမေရိကန်ဟာ အီရန်အပေါ် ပိုမိုဖိအားပေးလာလျက် ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags