မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ဘောလုံးပွဲစဉ် ဒုတိယပိုင်းကိုရွှေ့ဆိုင်း

မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ဘောလုံးပွဲစဉ် ဒုတိယပိုင်းကိုရွှေ့ဆိုင်း
ဓာတ်ပုံ-MNL

 

ဇူလိုင် ၂၃ ။               ။ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ ပွဲစဉ် ဒုတိယပိုင်း ၄၅ မိနစ်အား စက်တင်ဘာ ၁၁ ရက် သို့ ပြောင်းရွှေ့လိုက်သည်။

 ဇူလိုင်၂၂ ရက် ညနေ ၃း၃၀ က ရန်ကုန်မြို့၊လှိုင်မြို့နယ်ရှိ YUSC ကွင်းတွင် ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ် ပထမပိုင်းအပြီးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဒုတိယပိုင်း ဆက်လက်ကစားရန် မဖြစ်နိုင်သည့်အတွက် ရွှေ့ဆိုင်းခဲ့ရသည်ဟု မြန်မာနေရှင်နယ်လိဂ်မှ ဖော်ပြထားသည်။

ထို့ကြောင့် ရွှေ့ဆိုင်းခဲ့သည့် ဒုတိယပိုင်းအား လာမည့် လာမည့် စက်တင်ဘာ ၁၁ ရက်၊ ညနေ ၃း၃၀၊ YUSC (သို့မဟုတ်) သုဝဏ္ဏဘောလုံးကွင်းတွင် ပြန်လည်ကစားရန် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲရွှေ့ဆိုင်းသည့် ကိစ္စနှင့်ပတ်သက်သည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပရေးကော်မတီအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၂ ရက်(ညနေ ၆း၄၅)အချိန်က ကျင်းပခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်းပွဲရလဒ်မှာ ပထမပိုင်းပြီးခါနီး ၄၃ မိနစ်အရောက်တွင် ဧည့်သည် ဟံသာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုး တစ်ဂိုး သွင်းယူခဲ့၍ ၁-၀ ဖြင့် အဆုံးသတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly