အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၀ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၀ )

ကနေဒါနိုင်ငံ

ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံကဲ့သို့ပင် သက်တမ်းရင့်သော (နှစ်ပေါင်း ၁၃၀ ကျော်) ဖက်ဒရယ်နိုင်ငံ တစ်ခုဖြစ်သည်။  ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရတို့ပါဝင်သော အုပ်ချုပ်မှုအဆင့် (၃) ဆင့်တို့ဖြင့် အုပ်ချုပ်ပြီး ပြည်နယ်(province) (၁၀) ခုနှင့် နယ်မြေ (territories) (၃) ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ ဒေသန္တရ အဆင့်အစိုးရသည် ဖက်ဒရယ်နှင့် ပြည်နယ် အဆင့်အစိုးရများကဲ့သို့ ဖွဲ့စည်းပုံမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် အာဏာများ မရှိသဖြင့် ပြည်နယ်မှထပ်ဆင့်လွှဲအပ်သည့် အာဏာများကိုသာ ကျင့်သုံးခွင့်ရှိသည်။ ကနေဒါနိုင်ငံ ၏ မူလဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗြိတိန်သျှပါလီမာန်၏ သာမာန် ပြဋ္ဌာန်းဥပဒေတစ်ခုအဖြစ် ၁၈၆၇ ခုနှစ်တွင် ဖြစ်တည်လာခဲ့သည်။ ဗြိတိသျှ၏ ဒိုမီနီယမ်ကနေဒါ (Dominion Canada) ကို မူလအစတွင် ကွန်ဖက်ဒရေးရှင်း (Confederation) အဖြစ် စီရင်စု (၅) ခု (ကနေဒါနိုင်ငံ၏ မူလပြည်နယ် (၄) ခုနှင့် ဖက်ဒရယ်အစိုးရ) တို့ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အစပိုင်းတွင် ဖက်ဒရယ်အစိုးရလက်ထဲတွင် လုပ်ပိုင်ခွင့်အာဏာ ပိုရှိပြီး ပြည်နယ်အစိုးရလက်ထဲတွင် လုပ်ပိုင်ခွင့်အာဏာနည်းသည့် ဗဟိုချုပ်ကိုင်မှုများသည့် ဖက်ဒရယ်စနစ်ကို ပို၍နှစ်သက် ကြသော်လည်း နောက်ပိုင်း၌ ဗဟိုချုပ်ကိုင်မှုနည်းသည့် ဖက်ဒရယ်စနစ်သို့ တဖြည်းဖြည်း ကူးပြောင်းလာခဲ့သည်။

ကနေဒါနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လုပ်ပိုင်ခွင့်အကန့်အသတ်ရှိသည့် ဝက်မင်နင်စတာ၏ ၁၉၃၁ ခုနှစ် ပြဋ္ဌာန်း ဥပဒေတစ်ခုမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကန့်အသတ်ဖြင့် ပြင်ဆင်ခွင့်ရသည့် ၁၉၄၉ ခုနှစ်မှသည် ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးထားသည့် ၁၉၈၂ ခုနှစ် ကနေဒါအက်ဥပဒေ (Canada Act) ပြဋ္ဌာန်းနိုင်ခဲ့သည်အထိ ပြောင်းလဲတိုးတက်လာခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ပြုလုပ်ခဲ့သော ကနေဒါနိုင်ငံ၏ ဖွဲ့စည်းပုံပြင်ဆင်မှုများနှင့် စပ်လျဉ်း၍ ထင်ရှားသော ဖွဲ့စည်းပုံပြဋ္ဌာန်းချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁ - လွတ်လပ်မှုဆိုင်ရာ လူ့အခွင့်အရေးချာတာ (the Charter of Rights of Freedoms) - နိုင်ငံသားများ၏ လူ့အခွင့်အရေးကို လွတ်လပ်မှုဆိုင်ရာလူအခွင့်အရေးချာတာဖြင့် ကာကွယ်ပေးထားသည်။ ဖက်ဒရယ်နှင့် ပြည်နယ်ဥပဒေ များသည် ချာတာကို လေးစားလိုက်နာမှု ရှိရမည်။

၂ - သဘာဝသယံဇာတဆိုင်ရာ ပြည်နယ်များ၏ ထပ်တိုးလုပ်ပိုင်ခွင့်များ (Additional provincial powers over natural resources) - ပြည်နယ်များသည် ပြည်နယ်အုပ်ချုပ်မှုနယ်မြေအတွင်းရှိ သဘာဝသယံဇာတများကို ပိုင်ဆိုင်ခွင့်၊ စီမံအုပ်ချုပ်ခွင့်နှင့် သယံဇာတဝင်ငွေခွဲဝေခွင့်များကို ပေးအပ်ထားသည်။

၃ - ဘဏ္ဍာရေးညီတူမျှတူအစီအစဉ်များ (Fiscal Equalizations) - ဖက်ဒရယ်အစိုးရသည် ပြည်နယ်များ အကြား အရင်းအမြစ်များပြန်လည်ဖြန့်ဖြူးပေးရန် ပြည်နယ်များအတွက် သာတူညီမျှရေးပေးငွေများ ချပေး သည်။

အသုံးစရိတ်တာဝန်များ

ကနေဒါနိုင်ငံတွင် အမေရိကန်နိုင်ငံကဲ့သို့ပင် ဖက်ဒရယ်အစိုးရ၏ အသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် တိကျရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသော်လည်း တရားရုံးများက ဖက်ဒရယ် အစိုးရ၏ ပြည်သူ့ ဝန်ဆောင်မှုအသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာနှင့် အခွန်အာဏာများကျယ်ကျယ်ပြန့်ပြန့် ရရှိရေးကို အလေးပေးသည့် ဖွင့်ဆိုချက်များကို ထုတ်ပြန်ပေးလေ့ ရှိသည်။ ဖွဲ့စည်းပုံအက်ဥပဒေ၏ ပုဒ်မ ၃၆(က) အရ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ကဲ့သို့သော အရေးကြီးသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို   နိုင်ငံတစ်ဝန်း လုံလောက်စွာ ရရှိရေးနှင့် အခွင့်အရေးတန်းတူ ရရှိရေးတို့အတွက် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ် အစိုးရတို့ကို ပူးတွဲအသုံးစရိတ်တာဝန်များ အပ်နှင်းထားသည်။ ထိုတာဝန်များကို ထမ်းဆောင်ရာတွင် ဖက်ဒရယ် အစိုးရသည် ဖက်ဒရယ်ထောက်ပံ့ငွေများကို ပြည်နယ်များအား ချပေးခြင်းဖြင့် ပြည်နယ်များအကြား ပြည်သူ့ ဝန်ဆောင်မှုအဆင့်ကို ထိန်းညှိပေးသည်။ ပြည်နယ်များသည် ဖက်ဒရယ်ထောက်ပံ့ငွေများအပေါ် မှီခိုနေရမှု နည်းလာလေလေ ဖက်ဒရယ် အစိုးရကသာ ဆုံးဖြတ်သွားသည့် အသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်တာဝန်များ သည် နိုင်ငံရေးအရ အများလက်ခံနိုင်မှု လျော့နည်းလာလေလေ ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် အသုံး စရိတ်တာဝန်များကို ဖက်ဒရယ်နှင့် ပြည်နယ် နှစ်ခုလုံး သဘောတူညီမှသာ ဆောင်ရွက် သွားရန် အဆိုပြု ထားသည့် လူမှုရေးပေါင်းစည်းမှုမူဘောင်သဘောတူညီ ချက် (Social Union Framework Agreement) ကို ၁၉၉၉ ခုနှစ်တွင် ညှိနှိုင်းခဲ့သည်။ ပြည်နယ် (၁၀) ခုအနက် ပြည်နယ် (၉) ခုက ပြည်နယ်များ၏ သီးသန့် လုပ်ပိုင် ခွင့် နယ်မြေအတွင်း ဖက်ဒရယ်အသုံးစရိတ်တာဝန်များကို သင့်လျော်သော ကန့်သတ်ချက်ဖြင့်သာ ဆောင်ရွက် သွားပါကဖက်ဒရယ်အသုံးစရိတ်အာဏာများကိုပြည်နယ်များကအသိအမှတ်ပြုသွားမည်ဟုထိုသဘောတူညီချက်တွင် ပါရှိသည်။

ယေဘုယျအားဖြင့် ဖက်ဒရယ်အစိုးရသည် “ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အစိုးရ (peace, order and good government)” အတွက်လိုအပ်သလိုဥပဒေပြုခွင့်ရှိသည် ။ ထို့အပြင် ပြည်နယ် ဥပဒေပြုခွင့်ကို တာဆီးပိုင်ခွင့်ရှိသော်လည်း ထိုအာဏာကို အသုံးပြုခဲသည်။ ကြွင်းကျန်အာဏာ (တစ်နည်းအား ဖြင့် မည်သည့်အစိုးရ အဖွဲ့ကိုမှ ပေးအပ်ထားခြင်းမရှိသော အာဏာ) များကို ပြည်နယ်များအား ပေးအပ်ထား သည်။ ကနေဒါ နိုင်ငံ၏ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု (division of powers) သည် အကောင်းဆုံး အလေ့အထ အခြေခံမူများ (bestpractice principles) နှင့် ကိုက်ညီမှုရှိသည်။ တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံသော ပြည်သူ့ ဝန်ဆောင်မှုများကို ဖက်ဒရယ်အစိုးရအားလည်းကောင်း၊ ပြည်နယ်နှင့် ဒေသန္တရအဆင့် လွှမ်းခြုံသော ပြည်သူ့ ဝန်ဆောင်မှုများကိုပြည်နယ်များအားလည်းကောင်းတာဝန်ပေးထားသည်။ဖက်ဒရယ်အစိုးရ၏သီးခြားလုပ်ပိုင်ခွင့် အာဏာများတွင် လုံခြုံရေး၊ နိုင်ငံတကာကုန်သွယ်ရေး၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု၊ ငွေကြေးနှင့် ဘဏ်လုပ် ငန်း၊ နိုင်ငံတကာ ရေကြောင်းလမ်းများ၊ အလုပ်လက်မဲ့အာမခံ၊ ဒေဝါလီခံရမှုနှင့် ကွာရှင်းမှုများ ပါဝင်သည်။ ပြည်နယ်များ၏ သီးခြား လုပ်ပိုင်ခွင့်များတွင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဝန်ဆောင်မှုများနှင့် နိုင်ငံသား အခွင့်အရေးများ စသည်တို့ ပါဝင်သည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရတို့ မျှဝေ ယူကြသည့် ထပ်တူပြုအာဏာ များတွင် စိုက်ပျိုးရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် အဆင့်မြင့် ပညာရေးတို့ပါဝင်သည်။

အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ

ကနေဒါနိုင်ငံတွင် ဖွဲ့စည်းပုံအရ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများအား အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာ များ ပေးအပ်ထားသည်။ ဒေသန္တရအစိုးရများတွင်လည်း အခွန်အာဏာအချို့ရှိပြီး ထိုအခွန်အာဏာများသည် ပြည်နယ် ဥပဒေများမှ ဆင်းသက်လာသည်။ ဖက်ဒရယ်အစိုးရသည် ယေဘုယျအားဖြင့် အခွန်အားလုံးနီးပါးကို စည်းကြပ် ကောက်ခံခွင့် ရှိသည်။ ပြည်နယ်များသည် “တိုက်ရိုက်ခွန်”ကို အဓိကကောက်ခံပြီး “လိုင်စင်ကြေး”ကို အရံအဖြစ် ကောက်ခံသည်။ အစိုးရအဖွဲ့များ၏ အခွန်အာဏာများကို ကြည့်လျှင် ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရ နှစ်ရပ်လုံးသည် အဓိက အခွန်များ (ဥပမာ- ဝင်ငွေခွန်၊ စားသုံးခွန်၊ လုပ်ခလစာခွန်နှင့်  အသုံးပြုခ) ကို ၎င်းတို့၏ ကိုယ်ပိုင်အခွန်စနစ် (အခွန် ဖွဲ့စည်းပုံ) များဖြင့် စည်းကြပ်ကောက်ခံခွင့် ရှိကြသဖြင့် အခွန်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကိုယ်စီရှိကြသည်။ ပြည်နယ်များသည် ဖက်ဒရယ်အစိုးရစည်းကြပ်ခွင့် မရှိသည့် အခွန်အခြေခံအချို့ အပါအဝင် အခွန် အခြေခံ အားလုံးနီးပါးကို ရရှိထားသည်။ ပြည်နယ်အားလုံးသည် တစ်ဦးချင်းဝင်ငွေခွန်၊ ကော်ပိုရိတ်ဝင်ငွေခွန်၊ လုပ်ခ လစာခွန်၊ အရက်နှင့် ဆေးရွက်ကြီး ကဲ့သို့သော ယစ်မျိုးခွန်နှင့် ရေနံထွက်ပစ္စည်း အပေါ် ကောက်ခံသော အခွန်တို့ အပါအဝင် ပြည်နယ်အတွင်းရှိ သဘာဝသယံဇာတနှင့် အမြတ်ခွန်တို့ကို စည်းကြပ်ကောက်ခံသည်။ ဖက်ဒရယ် အစိုးရသည် သဘာဝသယံဇာတနှင့် အိမ်ခြံမြေခွန်ကလွဲပြီး ပြည်နယ်များ ကောက်ခံသည့် အခွန်များစွာကိုလည်း ကောက်ခံသည်။

အစိုးရအဖွဲ့များ၏ အခွန်စည်းကြပ်ကောက်ခံမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအရ ကန့်သတ်ချက်များရှိသည်။၎င်းတို့မှာ  ၁ - ကိုယ်စားပြုမှုရှိသော အခွန်များကိုသာ ကောက်ခံရေးအတွက် ကောက်ခံမည့် အခွန်များကို ဥပဒေပြုပြဋ္ဌာန်း သွားရန် (democratic taxation)၊

၂ - ကနေဒါနိုင်ငံအတွင်း ကုန်စည်များ လွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် ပြည်တွင်း အကောက်ခွန်များ ကောက်ခံ့ခြင်း မပြုရန် (no internal custom duties) ၊

၃ - အစိုးရအဖွဲ့များအကြား အိမ်ခြံမြေ ခွန်များ ကောက်ခံခြင်း မပြုရန် (no inter-governmental taxation) နှင့်

 ၄ - အစိုးရအဖွဲ့များသည် လုပ်ပိုင်ခွင့် အာဏာများကို လွဲအပ်ရာတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာများကိုသာ လွဲအပ်ရန် (delegation) တို့ဖြစ်သည်။

ထိုကန့်သတ်ချက်များနှင့်အညီ ပြည်နယ်များသည် ၎င်းတို့၏ အခွန်စနစ်များကို စိတ်ကြိုက်ကျင့်သုံးခွင့်နှင့် ဖက်ဒရယ် ပြည်နယ်အခွန်စည်းဝါးညီရေး အစီအစဉ်များတွင် လွတ်လပ်စွာပါဝင်ခွင့်ရှိသည်။ ထို့ကြောင့်အချို့ သော ပြည်နယ် များသည် အခွန်အချို့အတွက် အခွန်စည်းဝါးညီရေးအစီအစဉ်များတွင် ပါဝင်ကြသော်လည်း အချို့သော ပြည်နယ် များသည် ထိုအစီအစဉ်များတွင် မပါဝင်ဘဲ ၎င်းတို့အစီအစဉ် (ကိုယ်ပိုင်အခွန်စနစ်များ) ဖြင့် အခွန်များကို စည်းကြပ် ကောက်ခံသည်။ ဥပမာ - ခေးဘက်ပြည်နယ် (Quebec) သည် တစ်ဦးချင်း ဝင်ငွေခွန်နှင့် ကော်ပိုရိတ် ဝင်ငွေခွန်များကို စည်းဝါးညီအစီအစဉ်များတွင် မပါဝင်ပေ။ ခေးဘက်ပြည်နယ်ကဲ့သို့ ပင် အယ်ဘာတာပြည်နယ်နှင့် အွန်တာရီယို ပြည်နယ်တို့သည် ကော်ပိုရိတ်ဝင်ငွေခွန် ကောက်ခံခြင်းဆိုင်ရာ သဘောတူစာချုပ် (corporate tax collection agreements) ကို ချုပ်ဆိုခြင်းမပြုဘဲ ၎င်းတို့၏ အစီအစဉ် ဖြင့် ကော်ပိုရိတ်ဝင်ငွေခွန်ကို စည်းကြပ်ကောက်ခံ ကြသည်။ ထို့ပြင် တန်ဖိုးဖြည့်ခွန် (VAT) နှင့် ပတ်သက်၍ ခေးဘက်ပြည်နယ်သည် ခေးဘက်ပြည်နယ်အတွက်အပြင် ဖက်ဒရယ်အစိုးရအတွက်လည်း တန်ဖိုးမြင့်ခွန် ကောက်ခံပေးသည်။ အခြားပြည်နယ်များသည်လည်း ခေးဘက် ပြည်နယ်ကဲ့သို့ ဆောင်ရွက်ခွင့် ရှိသော်လည်း ထိုသို့ရွေးချယ်ခြင်း မပြုကြပေ။

ဒေသန္တရအစိုးရသည် ၎င်းတို့၏ ဒေသန္တရဆိုင်ရာ တာဝန်များ (ဒေသန္တရရဲလုပ်ငန်း၊ ရေ၊ ရေနုတ်မြောင်းနှင့် အမှိုက်၊ လမ်းများနှင့် အပန်းဖြေစခန်များ) အတွက် လိုအပ်သော ဘဏ္ဍာငွေများအတွက် ပစ္စည်းခွန် (အိမ်ခြံမြေ အပါအဝင်) နှင့် အသုံးပြုခများကို အဓိကအားထားပြီး ထိုအခွန်အခနှုန်းထားများကို လွတ်လပ်စွာ သတ်မှတ်ပိုင် ခွင့်ရှိသည်။ ပြည်နယ်အားလုံးသည် ပစ္စည်းခွန်များကို အခွန်စည်းဝါညီအောင် ပြုလုပ်ထားသည်။ ဆိုလိုသည်မှာ ပစ္စည်းခွန် အခြေခံသည် ပစ္စည်းများ၏ဈေးကွက် တန်ဖိုးဖြစ်ပြီး စံနှုန်းအကဲဖြတ်မူတို့ကို အသုံးပြုပြီး သတ်မှတ် သည်။ ပြည်နယ် အများစုသည် ဒေသန္တရအစိုးရများ၏ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်း (အထူးသဖြင့် ပစ္စည်းခွန် ကောက်ခံနိုင်စွမ်း) ကို သာတူညီမျှစေသည့် စနစ်များ ရှိကြသည်။

ကနေဒါနိုင်ငံတွင် ကောက်ခံသော အခွန်အချို့နှင့်ပတ်သက်၍ ထိုအခွန်ရငွေများကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း အချို့အတွက် အသုံးပြုရန် ကြိုတင်လျာထားသည်/ သတ်မှတ်ထားသည်။ ဥပမာ - လုပ်ခလစာခွန်များ ကို တစ်ခါ တစ်ရံတွင် လူမှုရေးအာမခံအစီအစဉ်အချို့(ပင်စင်၊ အလုပ်လက်မဲ့အာမခံ) တွင်အသုံးပြုရန်လျာထား ပြီး တစ်ခါတစ်ရံ တွင် အထွေထွေဘဏ္ဍာငွေများကို အားဖြည့်ပေးရန်အတွက် အသုံးပြုသည်။ ထို့ပြင် ပစ္စည်းခွန် အချိုးစားတစ်ခုကို လည်း ပညာရေးကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် လျှာထားလေ့ရှိ သည်။ ကနေဒါနိုင်ငံတွင် အခွန် အချို့ကို ယခင်ကောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ကောက်ခံခြင်းမပြု တော့သည့် အခွန်များလည်း ရှိသည်။ ဥပမာ - အမွေခွန်ကို ပြည်နယ်များက ယခင်ကောက်ခံခဲ့သော်လည်း ပြည်နယ်များအကြား (အခွန်နှုန်းထား လျှော့ပေါ့ ကောက်ခံသည့် ) အခွန်ပြိုင်ဆိုင်မှု အကျိုးဆက်များကြောင့် နောက်ပိုင်းတွင် ကောက်ခံခြင်း မရှိတော့ပေ။   ။ ( မဇ္ဈိမ )

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )
  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )
  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )
  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )
  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၇ )
  8. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )
  9. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly