လူငယ်နဲ့စကားပြေအရေးအသား (၃)

အခုဆိုရင် စကားပြေအရေးအသားရဲ့ ပထပိုင်းသဘော စကားလုံးပေါင်းသတ်ပုံအကြောင်း၊ ပုဒ်ထားအမှားအကြောင်း အစရှိတဲ့ အခြေခံတချို့ကို ရှင်းပြခဲ့ရာမှာ စကားလုံးများရဲ့ ထူးခြားတဲ့အလုပ်နဲ့ ထူးခြားတဲ့ လက္ခဏာတချို့ကို အစပျိုးခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့ဆက်လက်ဆွေးနွေးမယ့်အကြောင်းအရာကလည်း စကားလုံးများအကြောင်းပါပဲ။ စာပေရေးသားရာမှာ လေးနက်ခံ့ညားစေလိုတဲ့အခါမှာ အသုံးပြုတဲ့စကားလုံးနဲ့ စကားပြောရာမှာသုံးတဲ့ စကားလုံး အမျိုးအစားအကြောင်း ဆက်သွားချင်ပါတယ်။

စာပေသုံးစကားလုံးဆိုတာက ခံ့ခံ့ညားညား တည်တည်တန့်တန့် လေးစားမှုရှိအောင်ရေးတဲ့အခါ သုံးတဲ့စကားလုံးကိုပြောတာပါ။ ဒီစကားလုံးတွေက အများအားဖြင့် စာရေးတဲ့အခါ အသုံးများတဲ့စကားလုံးတွေပါပဲ။ ဒါကြောင့်မို့ စာပေသုံးစကားလုံးလို့လည်း ပြောလို့ရပါတယ်။

ဒီနေရာမှာ မြန်မာစာပေဟာ ပါဠိစာပေလွှမ်းမိုးခံရတဲ့စာပေဖြစ်တာမို့ တချို့ပါဠိစကားလုံးတွေ ပါဠိပျက်စကားလုံးတွေဟာ အတည်အခန့််ရေးတဲ့စာတွေမှာ ဆက်လက်သုံးစွဲကြရာက စာတွေထဲမှာ ခံ့ညားတဲ့စကားလုံးအဖြစ် သဘောထားလာကြတာပါ။ ဥပမာ စကားလုံး ဆိုတဲ့စကားလုံးအသုံးပြုမယ့်အစား ဝေါဟာရ ဆိုတဲ့စကားလုံးကိုအသုံးပြုရင် စကားလုံး ဆိုတဲ့စကားလုံးထက် ဝေါဟာရ ဆိုတဲ့စကားလုံးကို ပိုပြီး ခံ့ညားတဲ့သဘောဖြစ်တာမို့ စာပေရေးသားတဲ့နေရာမှာ သြစာသက်ရောက်မှုပိုရှိတဲ့စကားလုံးအဖြစ် အသုံးပြုကြပါတယ်။ ဥပမာ နေ ကို ဒေါင်းစြင်္ကာ ဟူ၍လည်းကောင်း၊ ရှေးက ဆိုတဲ့စကားလုံးအစား လက်မွန်မဆွ ဟူ၍လည်းကောင်း ရေးသားကြတာမျိုးပါပဲ။

စကားပြောရာတွင်အသုံးပြုတဲ့စကားလုံးတွေကတော့ စာပေသုံးစကားလုံးတွေထက် ပိုမိုသွက်လက်၊ ပိုမိုလွတ်လပ်၊ ပိုမိုသစ်လွင်တဲ့သဘောဘက်ကိုကဲနေတတ်ပါတယ်။တကယ်တော့လည်း လူတွေအချင်းချင်းဆက်သွယ်ကြရာမှာ အပြောနဲ့ပဲဖြစ်ဖြစ် အရေးနဲ့ပဲဖြစ်ဖြစ်ဆက်သွယ်ကြတဲ့အခါ စကားလုံးတွေကိုပဲ မလွဲမသွေ အသုံးပြုပြီး ရေးကြပြောကြရတာဖြစ်လို့ အဲဒီစကားလုံးတွေဟာ အပြောစကားလုံး အရေးစကားလုံးအဖြစ် ယတိပြတ်သတ်မှတ်ထားလို့တော့ မရပါဘူး။ ဒီနှစ်ခုဟာ အမြဲတန်းပြောင်းလဲနေတတ်ကြပြီး ယေဘုယျသဘောအနေနဲ့သာ သတ်မှတ်အသုံးပြုကြရတာပဲဖြစ်ပါတယ်။ တချိန်က ပါဠိဘာသာအရေးမှာအသုံးပြခဲ့တဲ့စကားလုံးတွေဟာ ဒီကနေ့ခေတ်မြန်မာစာပေနဲ့မြန်မာစကားမှာ ဆက်လက်ရှင်သန်နေဆဲဖြစ်သလို မနေ့တနေ့ကမှပေါ်လာတဲ့စကားလုံးသစ်တွေတခဏလေးနဲ့ လူတွေဆက်လက်အသုံးမပြုတော့လု့ိ ပျောက်ကွယ်ရတာမျိုးလည်း ရှိပါတယ်။

ဒီနေရာမှာ စာပေသုံးစကားလုံးတွေကို ခံ့ညားစေလိုတဲ့အခါမှာ အသုံးပြုလေ့ရှိတယ်ဆိုပေမယ့် တစ်ခါတရံ ခံ့ညားအောင်အသုံးပြုကာမှ အဓိပ္ပါယ်ရှုတ်ထွေးပြီး စာဖတ်သူကို အဓိပ္ပါယ်ေ၀ဝါးအောင် တမင်လုပ်သလိုဖြစ်စေတဲ့စကားလုံးမျိုးလည်း ရှိပါတယ်။

ဥပမာ ပါဠိစကားလုံး မဂ္ဂ ဆိုတဲ့စကားလုံးဆိုပါစို့။ ဗုဒ္ဓက သူ့တရားကို မဂ္ဂ သို့မဟုတ် မဂ္ဂ ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာပြန်ရင် လမ်း ဆိုတဲ့အဓိပ္ပါယ်ထွက်ပါတယ်။ ဒါကို လမ်းလို့မပြန်ဘဲ လမ်း ဆိုပြီးမသုံးဘဲ မဂ် ဒါမှမဟုတ် မဂ္ဂ ဆိုပြီး အသုံးပြုရေးပြီး ပိုပြီးခံ့ညားအောင်လုပ်တော့ ဖတ်တဲ့သူမှာ ပိုပြီး အဓိပ္ပါယ်ေ၀ဝါးရှုတ်ထွေးစေပါတော့တယ်။ လမ်း ဆိုပြီးရေးလိုက်ရင်ပြီးပေမယ့် မင်္ဂ၊ မဂ္ဂင်ဆိုတာမျိုးနဲ့ရေးပြီးပြောကြ ရေးကြတော့ ခံ့ညားအောင်လုပ်ရာမရောက်ဘဲ ရှုတ်ထွေးတဲ့စကားလုံးဖြစ်စေပါတော့တယ်။

ကဲ နောက်ထပ်စိတ်ဝင်းစားစရာကောင်းတဲ့စကားလုံး ရှိပါသေးတယ်။ ဒါကတော့ စာဖတ်သူတွေ နားလည်လွယ်တဲ့ စကားလုံးအမျိုးအစားပါပဲ။ ဘန်းစကား ဆိုပြီး ပြောဆိုသုံးနှုန်းရေးသားကြတဲ့ စကားလုံးတချို့ပါပဲ။ ဒီစကားလုံးတွေက ခတ်သွက်သွက် ခတ်ဆန်းဆန်း အပြောင်အပျက် ပြောဆိုရင်းက အသုံးပြုကြတဲ့စကားလုံးတွေပါပဲ။

ဥပမာ ကျနော်တို့ လက်လှမ်းမှီသော အချိန်ကာလကစပြီး မိန်းကလေး ကိုရည်ညွှန်းပြောဆိုခဲ့ကြတဲ့ စကားလုံးတွေပဲဆိုပါစို့။ မြန်မာဝတ္ထု ပေါ်ဦးစခေတ်က မြန်မာဝတ္ထုတချို့မှာ မြန်မာမိန်းမပျိုလေးတွေကို မဒ ဆိုတဲ့စကားလုံးအသုံးပြုပြီး ရေးခဲ့ပြောခဲ့ကြတာ ရှိသလို နောက်ပိုင်းကြတော့ မျာ၊ စမူ၊ ဆယ်၊ မဒ၊ မဒီ အစရှိတဲ့စကားလုံးတွေကိုအသုံးပြုပြီး မိန်းမငယ်တွေ ပြောခဲ့ရေးခဲ့တာမျိုး ဖြစ်ပါတယ်။ ဒါက မိန်းမပျိုလေးတွေကို အပြောင်အပျက် ပျော်စေပျက်စေ ပြောခဲ့ကြတဲ့စကားတွေပါပဲ။ ဟိုတလောလေးတုန်းက အင်တာနက်လူမှုကွန်ရက်မှာ ဒီကနေ့ခေတ်လူငယ်တချို့ တီထွင်အသုံးပြုခဲ့ကြတဲ့စကားလုံး အမျိုးအစားတွေဟာလည်း ဘန်းစကား သဘောပါပဲ။

တချို့သောဘန်းစကားဟာ နောက်ပိုင်းမှာ အတည်ဖြစ်လာတဲ့စကားလုံးတွေအဖြစ်ရပ်တည်သွားတာရှိပေမယ့် အများအားဖြင့်တော့ အချိန်တိုတိုအတွင်း ပျောက်ကွယ်သွားကြရတာများပါတယ်။ ရည်ရွယ်တာကိုယ်၌က အပြောင်အပျက်ဘက်များတာဖြစ်လို့ အတည်အခံ့လည်း သုံးလို့မရတဲ့အပြင် ကြာကြာလည်းမခံတဲ့သဘောပဲလို့ ယူဆမိပါတယ်။ လာဘ်စားသည် အစား ခေါက်ဆွဲစားသည်၊ စကားများသည်အစား အာလူးပေးသည်၊ ခိုးယူသည် အစား တိုသည် အစရှိတဲ့စကားလုံးတွေဟာ ဘန်းကားပါပဲ။

ကဲ ဒီကနေ့တော့  ဒီလောက်နဲ့နားလိုက်ပါတယ်။

နောက်နေ့တွေကြရင် ဒေသသုံးစကားလုံးများ အစရှိတဲ့ တခြားစကားလုံးအမျိုးအစားတွေဘက် ဆက်သွားကြဖို့ရှိပါတယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်၀ လှပနိုင်ကြပါစေဗျား။

Mizzima Weekly