လူငယ်နဲ့ စကားပြေအရေးအသား ( ၂ )

.

ဒီကနေ့ စကားပြေအရေးအသားအကြောင်းပြောတော့မယ်ဆိုတော့ မနေ့က အာဇာနည်နေ့ ကြွေးကြော်သံဆိုင်းဘုတ် တချို့နဲ့ ကြေညာချက်တချို့ဆီ စိတ်ကရောက်ပြန်ပါတယ်။

ဖြစ်ရိုးဖြစ်စဉ်အတိုင်း အဲဒီကြွေးကြော်သံနဲ့ ကြေညာချက်တချို့ဟာ စကားလုံးပေါင်းသတ်ပုံအမှားနဲ့ ၀ါကျအထားအသိုတွေ မှားနေတာ ဒါမှမဟုတ် အဓိပ္ပါယ်ေ၀၀ါးစေတာတွေ တွေ့ခဲ့ကြရပါတယ်။ ဒါ့အပြင် ကျဆုံးခဲ့ကြရတဲ့ အာဇာနည်နေ့ကို ဂုဏ်ပြုခြင်းအခမ်းအနား ဆိုတာမျိုး ကြိယာအမှားကိုလည်း (ဒါကတော့ အထားအသိုအမှားမဟုတ်ဘဲ အသုံးအစွဲအမှားပါ။) တွေ့ခဲ့ကြရပါတယ်။ တကယ်တော့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို ဂါရ၀ပြုခြင်းနဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားဆိုတဲ့ စကားဟာ အမှန်ကန်ဆုံးအသုံးအနှုန်းပါပဲ။ ဒါကို ဂုဏ်ပြုခြင်းအခမ်းအနားလို့ ဆိုလိုက်တော့ ကျဆုံးသွားရတာကိုပဲ ဂုဏ်ယူဝမ်းမြောက်လို့ လူသတ်သမားတွေကိုပဲ ဂုဏ်ပြုတဲ့သဘော သက်ရောက်သွားစေတဲ့အထိ မှားယွင်းသုံးစွဲခဲ့ကြတာ တွေ့ခဲ့ကြရပါတယ်။

တခါတုန်းက အာဇာနည်နေ့ “ငွေရတု”အခမ်းအနား ဆိုတာမျိုးလည်း ရေးခဲ့ပြောခဲ့ကြတာလည်း ကြုံဖူးကြရပါသေးတယ်။ “ရတု” ဆိုတာ ၀မ်းမြောက်ဖွယ်ကိစ္စ အောင်မြင်ခြင်းကိစ္စတွေမှာ အသုံးပြုကြရတာဖြစ်လို့ အာဇာနည်ကြီးတွေ ကျဆုံးခဲ့ကြရတာကိုပဲ ၀မ်းသာလို့ကျင်းပတဲ့ အခမ်းအနားသဘောဖြစ်နေတာမျိုးလည်း ကြားခဲ့ရဖူးပါတယ်။ ဒါတွေကတော့ လတ်တလော တွေ့ခဲ့မြင်ခဲ့ကြားခဲ့ရတဲ့ စကားပြေအရေးအသားအမှားတွေပါပဲ။

ကဲ ဒီကနေ့ ကျနော်တို့ဆက်သွားမယ့်အကြောင်းအရာကတော့ အကောင်အထည်ပြစကားလုံးနဲ့ သဘောသဘာဝကိုပဲပြတဲ့စကားလုံးတွေဆီ ဆက်သွားကြမှာပါပဲ။

ဒီနေရာမှာ စာဖတ်သူတွေအဖို့ အကောင်အထည်ပြစကားလုံးကို အသုံးပြုရင် လက်ဆုပ်လက်ကိုင် အကောင်အထည်နဲ့တကွ မြင်နိုင်ကြားနိုင်ထိတွေ့နိုင်တာဖြစ်လို့ နားလည်ရန်လွယ်ကူပေမယ့် သဘောသဘာဝကိုပဲပြတဲ့စကားလုံးကြတော့ လက်ဆုပ်လိုက်ကိုင်ပြလို့ရတာမဟုတ်ဘဲ သဘောသဘာဝကိုပဲပြတာဖြစ်လို့ စာဖတ်သူအဖို့ နားလည်ရခက်ပါတယ်။ ဥပမာ ခွေး ဆိုတဲ့စကားလုံးကို အသုံးပြုရင် ဒါက အကောင်အထည်ပြစကားလုံးဖြစ်တာမို့ စာဖတ်သူက ချက်ချင်းနားလည်လွယ်စေပေမယ့် ၀ီရိယ ဆိုတဲ့စကားလုံးကြတော့ ခက်ခဲနက်နဲသိမ်မွေ့ပြီး သဘောသဘာဝအရပဲ သိစေနိုင်တာဖြစ်လို့ သူက ခွေး ဆိုတဲ့စကားလုံးထက်ပိုပြီး နားလည်ခက်စေပါတယ်။ အဲဒီအခါ စာဖတ်သူကို သဘောသဘာဝအရ သိစေချင်ရင် ရှင်းပြချင်ရင် လက်ဆုပ်လက်ကိုင် မြင်သိထိတွေ့လို့ရတဲ့စကားလုံးတွေနဲ့ချိန်ထိုးပြီးမှ ရှင်းပြကြရပါတယ်။

ဥပမာ ၀ီရိယ ဆိုတဲ့စကားလုံးကိုနားလည်အောင်ရှင်းပြဖို့ဆိုရင် နားလည်အောင် ရှင်းပြတဲ့အကူစကားလုံးက အကောင်အထည်ပြစကားလုံးဖြစ်နေတာ တွေ့ကြရပါတယ်။ ဒီနေရာမှာ မိလိန္ဒမင်းနဲ့ ရှင်နာဂသိန်တို့ရဲ့အမေးအဖြေနဲ့ ဥပမာပေးပြီး ဒီကိစ္စကို ရှင်းပြလေ့ရှိပါတယ်။

တနေ့မှာ မိလိန္ဒမင်းက ရှင်နာဂသိန်ကို မေးမြန်းပါတယ်။ အရှင်ဘုရား ၀ီရိယ ဆိုတာ ဘာလဲ၊ ဘာကိုပြောတာလဲဘုရား လို့မေးပါတယ်။ သာမာန်အားဖြင့်ဆိုရင် ၀ီရိယ ဆိုတဲ့စကားလုံးက စိတ္တဇနာမ် ဖြစ်တာမို့ တိုက်ရိုက်နားလည်အောင်ရှင်းပြဖို့ခက်ပါတယ်။ ဒီတော့ ရှင်နာဂသိန်က အရှင်မင်းကြီး ယောင်္ကျားတစ်ယောက်ဟာ သူ့အိမ်ကို မလဲမပြိုရလေအောင် အခြားသောသစ်တို့နဲ့ အကူအညီထားထောက်ပံ့ခိုင်ခန့်စေသလို ၀ီရိယ ဆိုသည်မှာလည်း မည်သည့်အလုပ်ကိုမဆို အောင်မြင်ဖို့အတွက် အောင်မြင်ပြီးတဲ့အခါတွင်လည်း အဲဒီအောင်မြင်မှု အခိုင်အခန့်ရှိနေစေဖို့ အထောက်အပံ့ပြုတဲ့အရာကို ၀ီရိယ မည်တယ်လို့ဆိုပြီး အိမ်နဲ့သစ်ကို ဥပမာပေးရှင်းပြခဲ့ပါတယ်။ ဒီတော့မှပဲ ၀ီရိယ ဆိုတာ မေတ္တာ တို့ အသိညာဏ် တို့ဆိုတဲ့ အကောင်အထည်အားဖြင့်ပြလို့မရဘဲ သဘောသဘာဝအရပဲ နားလည်နိုင်တဲ့စကားလုံးတွေဖြစ်တယ်ဆိုတာ ရှင်းသွားရပါတယ်။

ဒါကြောင့်မို့ စကားပြေရေးကြတဲ့အခါ ဒါမှ စကားပြောကြဆိုကြတဲ့အခါ အကောင်အထည် ပြစကားလုံးကိုအသုံးပြုကြရတာဟာ အကောင်အထည်ပြစကားလုံးကို အသုံးပြုတာထက် ပိုပြီးလွယ်ကူတာတွေ့ကြရမှာပါ။ ကျနော်တို့ဟာ အကောင်အထည်မဟုတ် သဘောသဘာဝကို ပြတဲ့စကားလုံးတွေကို အသုံးပြုတော့မယ်ဆိုရင် အကောင်အထည်ပြစကားလုံးတွေထက်ပိုပြီး ဂရုစိုက်ကြရ အားထုတ်ကြရတတ်ပါတယ်။ သဘောသဘာဝကိုပြတဲ့စကားလုံးတွေဟာ အကောင်အထည်ပြစကားလုံးတွေထက်ပိုပြီး သိမ်မွေ့နက်နဲတာကလည်းအမှန်ပါပဲ။ ပညာရှင်တွေကတော့ အကောင်အထည်ပြစကားလုံးတွေနဲ့ ရေးပြတာကိုပိုပြီး နှစ်သက်ကြပါတယ်။ အကောင်အထည်မဲ့စကားလုံးတွေအသုံးပြုတဲ့စကားပြေဟာ အဓိပ္ပါယ်ေ၀၀ါးတတ်လို့ အဓိပ္ပါယ်စောင်းစေတာမျိုးတွေဖြစ်တတ်လို့ အကောင်အထည်ပြစကားလုံးတွေနဲ့ ရေးတဲ့စကားပြေဟာ စကားပြေကောင်းပိုဖြစ်စေတယ် တနည်းအားဖြင့် စာဖတ်သူနဲ့နားထောင်သူကို ပိုပြီး လွယ်ကူစွာရှင်းပြနိုင်တာတွေ့ရတဲ့သဘောပါပဲ။

ကဲ ဒါဆိုရင် ၀ိသေသသုံးစကားလုံးနဲ့ ယေဘုယျသုံးစကားလုံးဆိုတာကို ဆက်သွားကြရပါမယ်။ ဒါကလည်း ပညာရပ်ဆန်ဆန်ပြောချင်လို့သာ ပြောကြသုံးနှုန်းကြရတဲ့သဘောပါပဲ။ သိတ်ပြီး နားလည်ရခက်ခဲလှတဲ့စကားလုံးတွေတော့မဟုတ်ပါဘူး။ ကိုင်း ဒီအကြောင်းကိုတော့ နောက်နေ့တွေကြမှ ဆက်ကြတာပေါ့။ နောက်နေ့တွေကြရင် ၀ိသေသစကားလုံးနဲ့ ယေဘုယျသုံးစကားလုံးများအကြောင်း ဆက်ပြီးဆွေးနွေးကြဖို့ ဒီကနေ့ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်လှပကြွဝနိုင်ကြပါစေ။