တနင်္သာရီတွင် ရေဘေးသင့်ပြည်သူ ၅၀၀၀ ကျော်ထိ ရှိလာ

တနင်္သာရီတွင် ရေဘေးသင့်ပြည်သူ ၅၀၀၀ ကျော်ထိ ရှိလာ

တနင်္သာရီ၊ ဇူလိုင်လ ၂၂ ရက်။ ။ တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် အပါဝင် ကျေးရွာ ၁၅ ရွာ ထက်မနည်း ရေကြီးနစ်မြုပ်မှုကြောင့် ဇူလိုင်လ ၂၁ ရက်နေ့ အထိ ရေဘေးသင့် ပြည်သူ ဦးရေမှာ ၅၀၀၀ ကျော်ထိ ရှိလာပြီ ဖြစ်သည်။

အဆိုပါ စာရင်းအား ကယ်ဆယ်ရေး စခန်းများနှင့် နီးစပ်ရာ ဆွေမျိုးများထံ ရောက်ရှိနေကြသူများကို ပြုစုနေသည့် တနင်္သာရီမြို့နယ် သဘာဝဘေးသတင်း ထုတ်ပြန်ရေးအဖွဲ့မှ အတည်ပြုထားခြင်း ဖြစ်သည်။

ထားဝယ်ဖက်မှ မိုးဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်အတွင်းသို့ စီးဆင်လာသည့် မြစ်ရေသည် ဇူလိုင်လ ၁၅ ရက်နေ့က တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ စိုးရိမ်ရေမှတ် ၁၇ ပေ အထိ ကျော်လွန်လာခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ အထိ အန္တရာယ်ရေမှတ် ၂၆ ပေ ကျော်ထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် အန္တရာယ် ရေမှတ် ၂၅ ပေ အောက်သို့ တဖြည်းဖြည်း ကျဆင်းလာနေခဲ့ပြီ ဖြစ်သည်။

ထိုသို့ စိုးရိမ်ရေမှတ်များထိ ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ အထိ အိမ်ခြေ ၁၀၆၈၊ အိမ်ထောင်စု ၁၅၅၀၊ လူဦးရေ ကျား+မ ပေါင်း ၅၄၇၇ ဦး အထိ ရှိလာကာ ကယ်ဆယ်ရေ စခန်း ၁၁ ခုနှင့် နီးစပ်ရာ ဆွေမျိုးများထံ ခိုလှုံနေရပြီး လယ်ယာ ဧကပေါင်း ၁၁၃၈ မှာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည်ဟု တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဆိုသည်။

တနင်္သာရီမြို့၏ အဆိုးရွားဆုံး ရေကြီးမှုအဖြစ် ၁၉၉၄ ခုနှစ်တွင် စိုးရိမ်ရေမှတ် ၃၆ ပေထိ မြင့်တက်ခဲ့ဖူးပြီး နှစ်စဉ် ရေဘေးသင့်မှုကို ခံစားနေရခြင်းဖြစ်သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၃ နှစ်တာကာလတွင် ထိုဘေးသင့်မှုကို မကြုံတွေ့ခဲ့ရဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် မြေနိမ့်ပိုင်း၌ နေထိုင်သော ကျေးရွာအများစုမှာ ရေနစ်မြုပ်လျက်ရှိပြီး ရက်သီတင်းပတ် တစ်ခုကျော် ကြာလာသည့်အထိ ပြောင်းရွေ့နေထိုင်ရန် အဆင်မပြေနိုင်သေးသောကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ နေထိုင်လာကြခြင်း ဖြစ်သည်။

တနင်္သာရီမြို့နယ် သဘာဝဘေးသတင်း ထုတ်ပြန်ရေးအဖွဲ့၏ စာရင်းများအရ လက်ရှိတွင် ရေဘေးသင့် ပြည်သူ ၅၀၀၀ ကျော်အတွက် ဆန်နှင့် အခြား စားနပ်ရိက္ခာများအပါအဝင် သောက်သုံးရေသန့်များ အရေးတကြီး လိုအပ်လျက်ရှိသည်ဟု သိရသည်။

ရေဘေးသင့် တနင်္သာရီ၏ လက်ရှိအခြေအနေအရ စာသင်ကျောင်းများကို ကယ်ဆယ်ရေးစခန်းများအဖြစ် နေရာပေးထား ရသဖြင့် ပညာသင်ကျောင်းများအားလုံးကို ယာယီပိတ်ထားရပြီး စိုးရိမ်ရေမှတ် ၁၇ ပေ အောက်သို့ လုံးဝ ကျဆင်း သွားမှသာ ပြန်ဖွင့်လှစ်နိုင်မည်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly