လယ်ယာမြေပြဿနာများ ဖြေရှင်းရာတွင် လုပ်ထုံးလုပ်နည်းနှင့်မူဝါဒများ လွဲချော်နေဟုဆို

လယ်ယာမြေပြဿနာများ ဖြေရှင်းရာတွင် လုပ်ထုံးလုပ်နည်းနှင့်မူဝါဒများ လွဲချော်နေဟုဆို

ဇူလိုင် ၂၂ ။           ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာမြေပြဿနာများ ဖြေရှင်းရာတွင် အောက်ခြေအဆင့်၌ လုပ်ထုံးလုပ်နည်းနှင့် မူဝါဒများ လွဲချော်နေကြောင်း သာပေါင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောသည်။

လယ်ယာမြေပြဿနာများအတွက် အမှုစာရင်းများ ၊ နစ်နာမှုများအတွက် အထက်အဆင့်ဆင့်သို့ တင်ပြရာတွင် မြို့နယ်အဆင့်တင်ပြမှုများကိုသာ အထက်သို့ တင်ပြခဲ့သောကြောင့် လယ်ယာမြေ အသိမ်းခံရသူများ နစ်နာမှုကြုံနေရကြောင်း သိရသည်။

“ရပ်ကွက်နဲ့ ကျေးရွာအုပ်စု လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေး ကော်မတီရဲ့ သဘောထားမှတ်ချက်တွေကို ဘေးဖယ်လိုက်တယ်။ မြို့နယ်ရဲ့ သဘောထား မှတ်ချက် ကိုပဲ ရေးတင်လိုက်တယ်။ စစ်ဆေးတုန်းကတော့ မြို့နယ်ကလည်း ထပ်စစ်ဆေးတယ်။ ထပ်စစ်ဆေး ပေမယ့် သူတို့ရဲ့ သဘောထားမှတ်ချက်တွေ ၊ အဓိကကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ တောင်သူလယ်သမား ကိုယ်စားလှယ်တွေရဲ့ လက်မှတ်ထိုး စာရင်းတွေ မပါဘဲနဲ့ လွှတ်တော်ရဲ့ ပိတ်ရက်တွေမှာ တင်လိုက်ပုံရတယ်။ အဲ့ကနေ ခရိုင်ရောက်မယ် ။ တိုင်းရောက်မယ်။တိုင်းက ဒီအပေါ်မှာ ခရိုင်က တင်ပြတဲ့ အတိုင်း အတည်ပြုတယ်။ အကြံပြုချက်ကို အတည်ပြုတယ်။ အဓိကကတော့ အတည်ပြုတယ်ဆိုတာ ဆုံးဖြတ်ခြင်းတစ်မျိုးပဲ။”ဟု ဦးသိန်းထွန်းက ဆိုသည်။

အဆိုပါဖြစ်စဉ်များအတွက် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေး ကော်မတီ(ဗဟို) သို့တင်ပြရန်စီစဉ်နေပြီး တစ်နှစ်ကျော်ခန့် အချိန်ကြာမြင့်လာသော်လည်း အမှုများကို မဆုံးဖြတ်နိုင်ခြင်း ၊အမှုတွဲများကို အထက်သို့တင်ပြရာတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် လယ်သမား တို့၏ လက်မှတ်များ မပါရှိဘဲ တင်ပြခဲ့ခြင်းတို့ကို ဗဟိုကော်မတီသို့ တင်ပြမည်ဟု ၎င်းကပြောသည်။

“ပြည်သူတွေကို သတင်းဖြန့်ဝေပေးရမယ်ဆိုတဲ့ဟာက စာရွက်ပေါ်မှာပဲရှိနေတယ်။လက်တွေ့မကျဘူး။ လက်တွေ့မကျတဲ့အတွက် ဒီကိစ္စကို အထက်ကိုတင်ပြမယ်”ဟု ဦးသိန်းထွန်းက ဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများ၏ အဖွဲ့ဝင်အချင်းချင်း လေးစားလိုက်နာအပ်သောကျင့်ဝတ်များ ချိုးဖောက်နေမှုအပေါ် အရေးယူဆောင်ရွက်ပေးရန်နှင့် ကော်မတီဝင်များ၌ လယ်သိမ်း၊ယာသိမ်းခဲ့သူများ ပါဝင်နေသဖြင့် အဂတိလိုက်စားမှုအခြေအနေမှန်များကို အရေးတကြီးကိစ္စအဖြစ် ပြန်လည်စိစစ်ရွေးချယ်ပေးရန် ကန်ကြီးထောင့်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးမိုးထွန်းက တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ဖူးသည်။

သာပေါင်းမြို့နယ်တွင် လယ်ယာမြေသိမ်းဆည်းခံရမှုများအတွက် တိုင်ကြားထားပြီး စစ်ဆေးရန် ကျန်ရှိသည့် အမှုပေါင်း ၁၄၀ကျော်ရှိကြောင်း၊ဇ ူလိုင်လတွင် ပြန်ကျသည့် အမှု၅မှုတွင် ကိုယ်စားလှယ် လက်မှတ်များနှင့် တောင်သူလယ်သမားကိုယ်စားလှယ်လက်မှတ်များမပါသောကြောင့် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုများဖြစ်ပေါ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly