ဒါနရှေ့ဆောင်မြန်မာနှင့် ပတ်သက်ပြီး ရေးသားမှုများအား ဖျက်သိမ်းပေးရန် ကြေညာ

ဒါနရှေ့ဆောင်မြန်မာနှင့် ပတ်သက်ပြီး ရေးသားမှုများအား ဖျက်သိမ်းပေးရန် ကြေညာ

ရန်ကုန် ၊ ဇူလိုင် ၂၂ ။           ။ ပြည်တွင်း NGO တစ်ခုဖြစ်သည့်  ဒါနရှေ့ဆောင်မြန်မာ (Charity Oriented Myanmar) အဖွဲ့အစည်းနှင့် ပတ်သက်ပြီး ရေးသားဖော်ပြထားမှုများအား ၇ ရက်အတွင်း ဖျက်သိမ်းပေးပြီး ဖြေရှင်းတောင်းပန်ပေးရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူသွားမည်ဟု ဇူလိုင်လ ၂၂ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာဖြစ်သည့် ကြေးမုံသတင်းစာ၌ ကြေညာစာ ပါရှိလာသည်။

ယင်းကြေညာချက်တွင် ဒါနရှေ့ဆောင်မြန်မာအဖွဲ့အစည်းအပေါ် မဟုတ်မမှန် စွပ်စွဲရေးသားနေခြင်းကြောင့် အဖွဲ့အစည်းပေါ်တွင် လည်းကောင်း၊ အဖွဲ့အစည်း၏ တာဝန်ရှိသူများအပေါ်တွင်လည်းကောင်း ၊ တာဝန်ထမ်းဆောင် နေဆဲဖြစ်သည့် ဝန်ထမ်းများအပေါ်တွင်လည်းကောင်း ၊ အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်နေသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အပေါ်တွင်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်နေသည်ဟု ရေသားပါရှိသည်။

ပြည်တွင်း NGO တစ်ခုမှ CEO ဖြစ်သူသည် အမျိုးသမီးဝန်ထမ်းများအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားသည်ဟု ပြောဆိုချက်များ ဇူလိုင် ဒုတိယပတ်ခန့်တွင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့ပြီးသည့်နောက်ပိုင်း ယင်း NGO သည် ဒါနရှေ့ဆောင်မြန်မာ အဖွဲ့မှ CEO ဖြစ်သည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။

ယင်းကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ်လာပြီးသည့် နောက်ပိုင်းတွင် ဒါနရှေ့ဆောင်မြန်မာက အထက်ပါအတိုင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်က ၁၆ ရက်နေ့က ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်(GEN) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အမျိုးသမီးအခွင့်အရေးနှင့် ကျားမတန်းတူညီမျှ ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု၏ အဓိက တာဝန်ရှိသူ အမျိုးသား အကြီးအကဲတစ်ဦးသည် လက်အောက်ခံအမျိုးသမီး ဝန်ထမ်းတချို့အပါအဝင် အဖွဲ့အစည်း နှင့် ဆက်နွှယ်သည့် အခြားအမျိုးသမီးအချို့ အပေါ်တွင် မလျော်ဩဇာအသုံးပြုကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ကျူးလွန်ကြောင်း တိုင်ကြားစာကို လက်ခံရရှိထားသည်ဟု ပါရှိသည်။

ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်(GEN) က ကြေညာချက် နှင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် ပြောဆိုမှုများသည် ဆက်စပ်မှု ရှိမရှိ သိရှိရန် မဇ္ဈိမသတင်းဌာနမှ  ဒါနရှေ့ဆောင်မြန်မာ အဖွဲ့ လွှဲအပ်ထားသည့် ရှေ့နေ ဦးရောဘတ်စန်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ရာ ကာယကံရှင်ထံ ဆက်သွယ်မေးမြန်းရန် ဖြေဆိုခဲ့သည်။

မဇ္ဈိမအနေဖြင့် ဒါနရှေ့ဆောင်မြန်မာ၏ ဆက်သွယ်ရမည့်နံပါတ်သို့ ဆက်သွယ်ပြီး မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

ဒါနရှေ့ဆောင်မြန်မာအဖွဲ့အစည်း အနေဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် စွပ်စွဲပြောဆိုခံရမှုများနှင့် ပတ်သက်ပြီး ဖြေရှင်း ဆောင်ရွက်ခြင်း မပြုလုပ်မီ Electoral Reform Coordination (ERCB) အဖွဲ့အား ကိုယ်စားမပြုရန် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ  ဇူလိုင်လ ၁၇ ရက်နေ့တွင် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly