စိတ်ဝေဒနာရှင်အား ဆွဲကြိုးပေးမည်ဟုဆိုကာ ကာမရယူခဲ့သူနှင့် လက်ထပ်ပေး

စိတ်ဝေဒနာရှင်အား ဆွဲကြိုးပေးမည်ဟုဆိုကာ ကာမရယူခဲ့သူနှင့် လက်ထပ်ပေး
ဓာတ်ပုံ- မင်းကင်းသတင်းများမှ

ရန်ကုန်၊ ဇူလိုင်လ ၂၁ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ရပ်ကွက် ၃ အပိုင် စန္ဒာမဏိစေတီ၊ လှိုဏ်ဂူအတွင်း စိတ်ဝေဒနာရှင် အမျိုးသမီးအား ဆွဲကြိုးလုပ်ပေးမည်ဟု မြူဆွယ်ကာ ၇ ကြိမ် ကာမရယူခဲ့သူအား အဆိုပါအမျိုးသမီးနှင့် ဇူလိုင်လ ၂၀ ရက်က လက်ထပ်ပေးခဲ့ကြောင်း သိရသည်။

စိတ်ဝေဒနာရှင် အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သူမှာ အသက် ၃ဝ အရွယ်ရှိသော ကျော်မင်းဆိုသူဖြစ်ပြီး ချမ်းမြေ့စည် သာသနာ့ရိပ်သာတွင် လွန်ခဲ့သည့် ၃ နှစ်ခန့် ကတည်းက လာရောက်သင်္ကန်းဝတ်နေခြင်း ဖြစ်သည်။

အဆိုပါလူမှာ သင်္ကန်းဝတ်နှင့်လည်း ပြုကျင့်ခဲ့ပြီး ဇူလိုင်လ ၂ဝ ရက်နေ့က အဆိုပါ ဘုရားစေတီလှိုဏ်ဂူအတွင်း အဓမ္မပြုကျင့်နေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ ဖမ်းဆီးရမိကာ မင်းကင်းရဲစခန်းသို့ အပ်နှံခဲ့သည်။

“အဲ့ဒီ စိတ်ဝေဒနာသည် အမျိုး သမီးနဲ့ သူ့ကို ပေါင်းသင်းခိုင်းလိုက်တယ်ဆိုတဲ့ဟာမျိုး လုပ်လိုက်တာ။ ဥပဒေကြောင်းအရ အရေးမယူဘဲနဲ့ အဲ့လိုလုပ်လိုက်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ သူတို့က စကားနည်း၊ ရန်စဲပုံစံမျိုးလုပ်လိုက်တဲ့သဘောမျိုးပါ။ ဒါပေမယ့် ကျွန်တော်တို့က မကြိုက်ဘူးလေ။ ဒါပေမယ့် သူတို့ကတော့ သူတို့ ဥပဒေပိုင်းကဆောင်ရွက်တဲ့ဟာကို ကျွန်တော်တို့က ဝင်မရှုပ်ပါဘူး ”ဟု မင်းကင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း က မဇ္ဈိမသို့ ပြောသည်။

မင်းကင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမည့်သူမရှိသဖြင့် ကျော်မင်းအား လွှတ်ပေးခဲ့ပြီး စိတ်ဝေဒနာရှင် အမျိုးသမီးနှင့် ပေါင်းသင်းနေထိုင်ရန် လူဝတ်လဲကာ လက်ထပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်းရှိ လူမှုကွန်ယက်အသုံးပြုသူများအကြားတွင် ဝေဖန်မှုများရှိနေပြီး တရားဥပဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ်မှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းကင်းမြို့မရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ရပ်ကွက် ၃ တွင် နေထိုင်သည့် ဦးကျော်မင်းအောင်ဆိုသူက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ထပ်ပေးခဲ့ကြောင်း မင်းကင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကိုဌေးက ပြောသည်။

 “ အဲ့ဒါတွေက မဟုတ်ပါဘူးဗျ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်ပြီးတော့ ရှင်းပြီးတော့ သူတို့ပေးစားလိုက်တာ။ အဲ့ဒါကို ရပ်ကွက်က ကျော်မင်းအောင်အကောင့်က မင်းကင်းသတင်းဆိုတဲ့ကောင်က ဖွတာ။ သူတို့က ဒီ ရပ်ကွက် ၃ ကိစ္စ သူ့တို့ဘာသာလိုက်ဖမ်းပြီး အုပ်ချုပ်ရေးမှူးဆီအပ်တာ။ အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့နဲ့ ညှိနှိုင်းတိုင်ပင်တဲ့အချိန်မှာ အမှုဖွင့်တရားစွဲမယ်သူကလည်းမရှိ၊ စိတ်မနှံ့တဲ့အမျိုးသမီးကလည်း သူက ယူမယ်၊ ယူမယ်ဆိုတာနဲ့ ပေးစားလိုက်တာဗျ”ဟု မင်းကင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကိုဌေးက ပြောသည်။

လက်ရှိတွင် အမျိုးသမီးအား ထိန်းသိမ်းမည့်သူလည်းမရှိသည့်အတွက် သဘောတူပေးစားလိုက်ခြင်းဖြစ်ကြောင်း အတည်ပြု သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိလာပါက သက်ဆိုင်ရာဥပဒေအရ အရေးယူပေးသွားမည် ဖြစ်ကြောင်း ဒုရဲမှူးကိုဌေးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly