“ရိုးရိုးသားသား ယှဉ်ပြိုင်ပြီး လူထုရဲ့ဆုံးဖြတ်ချက်ကို လေးစားဖို့လိုတယ်”

“ရိုးရိုးသားသား ယှဉ်ပြိုင်ပြီး လူထုရဲ့ဆုံးဖြတ်ချက်ကို လေးစားဖို့လိုတယ်”

ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း

ဦးခွန်ထွန်းဦးသည် ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ‘ကျားခေါင်းပါတီ’ ဟုလည်း သိကြ သည့် SNLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ဒုတိယအများဆုံး အနိုင်ရသည့် ပါတီ ဖြစ်သော်လည်း ယခင်စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုရုံသာမက နောက်ပိုင်း တွင် သူ့ကိုပင် ထိန်းသိမ်းလိုက်သည်။

ဦးခွန်ထွန်းဦးနှင့် သူ၏ပါတီသည် စစ်အစိုးရက ကျင်းပပေးခဲ့သည့် လွတ်လပ်မျှတမှုမရှိဟု အဝေဖန်ခံခဲ့ရသော ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သို့သော်လည်း  ၂ဝ၁၅ ရွေးကောက်ပွဲကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ်များမှ ပြည်သူ့လွှတ်တော်အတွက် ၄၆ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၄ နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ အတွက် ၉၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ကိုယ်စားလှယ် လောင်းများထဲတွင် ဦးခွန်ထွန်းဦး ပါဝင်မည် မဟုတ်ပေ။

မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အသက် ၇၂ နှစ် ရှိပြီဖြစ်သည့် ဦးခွန်ထွန်းဦးက ရွေးကောက်ပွဲ၊ တိုင်းရင်းသားလူမျိုးစုတို့ လိုလားတောင့်တသည့် ဖက်ဒရယ်ပြည် ထောင်စု၊ လက်ရှိကြိုးပမ်းဆဲ အပစ်အခတ် ရပ်စဲရေးကိစ္စ စသည်တို့နှင့် စပ်လျဉ်း၍ သတင်းထောက် ထက်ခေါင်လင်းကို ပြောပြထားသည်။

မေး ။    ။ ရွေးကောက်ပွဲမှာ ဦးခွန်ထွန်းဦးကိုယ်တိုင် ဘာကြောင့် ဝင်အရွေးမခံတာလဲ။  

ဖြေ ။    ။ လွှတ်တော်ထဲကို ကျွန်တော်တို့လူတွေ ရောက်သွားမှာပဲ။ အပြင်ဘက်မှာ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ လှုပ်ရှားတဲ့သူတွေနဲ့ လက်တွဲလုပ်ချင်တဲ့ဆန္ဒလည်း ရှိတယ်။ အတွင်းအပြင်ပေါင်း ပြီးတော့ ဟန်ချက်ညီညီ လုပ်ရမယ့် ကိစ္စတွေထဲမှာ နံပါတ်တစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးပဲ။ ၂ဝ၁၄ ခုနှစ်တုန်းက လွှတ်တော်အထဲကနေ လုပ်တာ လုပ်လို့မှ မရခဲ့ပဲ။ အပြင်ဘက်မှာ ဟန်ချက်ညီ ညီနဲ့ လုပ်မယ်ဆိုရင် နည်းလမ်းတစ်ခုတော့ ရှာလို့ရမယ်လို့ ကျွန်တော်ယူဆတယ်။

မေး ။    ။ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ဘယ်လို ဆက်ဆံဖို့ အစီအစဉ် ရှိသလဲ။

ဖြေ ။    ။ သူတို့နဲ့က ဟိုတုန်းကတည်းက လက်တွဲလုပ်ခဲ့တာပဲ။ CRPP (ပြည်သူ့လွှတ်တော် ကိုယ်စား ပြု ကော်မတီ)တောင် ဖွဲ့ခဲ့ပြီပဲ။ သူတို့နဲ့ လက်တွဲခဲ့လို့ အကျိုးရှိတယ်၊ ရဲဘော် ရဲဘက်တွေအဖြစ် အသိ အမှတ်ပြုလို့လည်း CRPP အဖွဲ့ဝင်ဟောင်းတွေ ဝင်ရွေးမယ့် မဲဆန္ဒနယ် နေရာတွေမှာ NLD က ဝင်မ ပြိုင်ပါဘူးဆိုပြီးတော့ ဟိုတလောကပဲ NLD ခေါင်းဆောင်တချို့က ကျွန်တော့်ကို လာပြောတယ်။ 

လာပြောတာကို ကျေးဇူးတင်တယ်။ NLD အနေနဲ့ ရှိသမျှအကုန်ယူပြီး ရွေးကောက်ပွဲကို ဝင်မယ်ဆိုရင် တော့ မသင့်တော်ပါဘူး၊ တခြားတိုင်းရင်းသားတွေက အထင်မှားမယ်၊ ကျွန်တော်တို့ (တိုင်းရင်းသားပါ တီတွေနဲ့ ဖွဲ့ထားတဲ့) UNA ကို ထည့်သွင်း စဉ်းစားမယ်ဆိုရင်တော့ ကောင်းမယ်၊ တစ်နေ့ကျရင် NLD နဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ လက်တွဲသွားရင် ပိုကောင်းမယ်လို့ ကျွန်တော်က အကြံပေးလိုက် တယ်။

မေး ။    ။ NLD က ရှမ်းပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေ အပါအဝင် မဲဆန္ဒနယ် အားလုံးမှာ ဝင်ပြိုင်မှာ ကို SNLD က ဘယ်လို သဘောထားပါသလဲ။

ဖြေ  ။    ။ ဒါက ဒီမိုကရေစီ ကျင့်သုံးနေတာကိုး။ ငါ့နယ်မြေ မင်းမလာနဲ့၊ ငါတို့ပဲ ပြိုင်မယ်ဆိုတာမျိုးက တော့ ဒီမိုကရေစီ မစစ်တော့ဘူးလေ။ ပြည်သူလူထုရဲ့ ရွေးပိုင်ခွင့်ကလည်း ရှိသေးတာကိုး။ သူတို့ကို ကျွန်တော်တို့က အခွင့်အရေးတွေ ဖွင့်ပေးရမယ်။ NLD မို့လိ့ု မလာကြနဲ့ဆိုရင် သွားပြောကြပါလားဗျ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးတော့ မပြောကြဘူး၊ NLD ကျမှ မလာပါနဲ့လို့ ပြောတဲ့လူတွေ တပုံကြီးပဲ။ ကျွန်တော် NLD ဘက်က ရှေ့နေလိုက်တာ မဟုတ်ဘူး။ လူတော်လူကောင်းတွေ ထွက်လာဖို့ အရေးကြီးတယ်။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့်လူတွေ လိုတာပါ။ ဘယ်သူ ပါရမယ်၊ ဘယ်သူ မပါရဘူး ဆိုတဲ့ဟာတော့ ကျွန်တော်က မသတ်မှတ်စေချင်ဘူး။ ကိုယ်က နိုင်လို့ လွှတ်တော်ထဲမှာ တခြားကိုယ် စားလှယ်တွေနဲ့ အရည်အချင်း ယှဉ်လိုက်လို့ ကိုယ့်လူက ညံ့နေရင် မဖြစ်ပြန်သေးဘူး။ ရိုးရိုးသားသား ယှဉ်ပြိုင်ပြီး လူထုရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ လိုတယ်။

မေး ။    ။ ပြိုင်ဘက်ပါတီကြီး ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNDP) နဲ့ ယှဉ်ရင် ဘယ်လောက် အနိုင်ရဖို့ SNLD က မျှော်လင့်ထားသလဲ။

ဖြေ ။    ။ ကျွန်တော်တို့ပါတီရဲ့ အဓိကပြိုင်ဘက်က ကျားဖြူပါတီပါပဲ။ ကျနော်တို့က ရှမ်းပြည်နယ် တစ်ခုတည်းမှာတင် နေရာ ၅ဝ ကျော် ဝင်ပြိုင်မှာဆိုတော့ သူတို့နဲ့ အဓိကထား ပြိုင်ရမှာပါ။  ကျွန်တော် တို့က ပြည်သူလူထုကို ကိုယ့်ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး ချပြထားပြီးသား။ ၂ဝ၁ဝ၊ ၂ဝ၁၂  ရွေးကောက်ပွဲ တွေမှာ ဝင်မပြိုင်ခဲ့ပေမယ့် ပါတီတည်ထောင်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့မူတွေကို ပြည်သူလူထု ထဲမှာ သေသေချာချာ ချပြထားပြီးသားပါ။ စည်းရုံးရေးတွေလည်း သုံးနှစ်နီးနီးလောက် လုပ်ခဲ့ပြီးပြီဆို တော့ အနိုင်ရမယ်လို့ မှန်းထားပါတယ်။ တခြားပါတီတွေ အကြောင်းကိုတော့ ကျွန်တော် မဝေဖန်၊ မပြောချင်ပါဘူူး။ ပြည်သူလူထုကို တီးခေါက်ကြည့်လိုက်တော့ ကျနော်တို့ပါတီကို တော်တော်များများ က လက်ခံကြပါတယ်။ နောက်တစ်ခုက ကျနော်တို့ပါတီဟာ ငွေကြေးအရှုပ်အရှင်းလည်း မရှိပါဘူး။

နာမည်ပျက်တာတွေလည်း မရှိပါဘူး။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ပါတီထဲကို အခုလက်ရှိ လွှတ်တော် ကိုယ်စားလှယ် ၁ဝ ဦး(SNDP ကနေ) ပြောင်းရွှေ့လာသလို (လွှတ်တော် ကိုယ်စားလှယ်မဟုတ်တဲ့) ပါတီဝင်တွေလည်း ကျနော်တို့ ပါတီလက်အောက်ကို ဝင်လာကြပါတယ်။ တခြားပါတီတွေလို ပါတီ ကူးပြောင်းသွားရင် သိန်း ၅ဝ၊ ၃ဝ စသဖြင့် လျော်ကြေးပေးရမယ်ဆိုတဲ့ စည်းကမ်းမျိုးလည်း မလုပ်ပါ ဘူး။

မေး ။    ။ မကြာသေးခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ညဘက်ကြီး လက်နက်ကိုင် လုံခြုံရေးတွေသုံးပြီး ဖယ်ရှားခဲ့တဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ ။    ။ ပါတီရဲ့ အတွင်းရေး အကွဲအပြဲကို မဝေဖန်လိုဘူး။ လုပ်နည်းလုပ်ဟန်တွေကတော့ မှားနေ တယ်ဆိုတာကိုပဲ ကျွန်တော် ပြောချင်တာ။ တစ်ယောက်(ဦးရွှေမန်း) ကလည်း လက်ရှိပြည်ထောင်စု လွှတ်တော်ရဲ့ နာယက။ (ကျန်တဲ့ တစ်ယောက်က) လက်ရှိသမ္မတ။ အခုက အာဏာရပါတီကြီးရဲ့ ရုံးထဲမှာ သူ့လူတွေ ငုတ်တုတ်ထိုင်နေပါလျက်နဲ့ ရဲကဝင်ပြီး ရှင်းရတယ်ဆိုတာ ဘာဖြစ်လို့လဲ။ တုတ်၊ ဓား ကိုင်နေကြသလား။ သေနတ်ကိုယ်စီနဲ့ ပစ်ခတ်နေကြပြီလား။ ရဲဝင်ရမယ့် အနေအထားမျိုးများ ဖြစ်နေပြီလားဆိုတာ စဉ်းစားရတော့မယ်လေ။ ပါတီတွင်းတော့ ဝိရောဓိ ရှိမှာပေါ့။

တစ်ဘက်ကလည်း ပြောလိုက်သေးတယ်။ (ဦးရွှေမန်းက) တစ်ဘက်ပါတီ (NLD) နဲ့ ပေါင်းလို့ဆိုတဲ့ ကိစ္စ။ ပါတီချင်း ပေါင်းကြတာကလည်း သဘာဝပဲလေ။ မပေါင်းရဘူးလို့ ဥပဒေမှ မရှိတာ။ လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်လုံးကို အိမ်ထဲအိမ်ပြင် မထွက်ခိုင်းတဲ့ ဒီမိုကရေစီဟာ ဘယ်လို ဒီမိုကရေစီမျိုးလဲ။ အခု (အပစ်ရပ်ရေး) လက်မှတ်ထိုးကြမယ်ဆိုတဲ့ တိုင်းရင်းသား (လက်နက်ကိုင် အဖွဲ့) တွေကလည်း ဒီဖြစ်ရပ်ကိုကြည့်ပြီး နောင် ငါတို့ကိုများ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားလာ လိမ့်မယ်။

မေး ။    ။ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ်ထိုးမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေထဲက ၅ ဖွဲ့က ကြေညာလိုက်ပြီ။ မထိုးချင်သေးတဲ့ အဖွဲ့တွေကလည်း ရှိသေးတယ်။ ဘာတွေ ဆက် ဖြစ်လာနိုင်သလဲ။

ဖြေ  ။    ။ ကျွန်တော် နားလည်တာတော့ လိုင်ဇာညီလာခံက ပြောတာလည်း အားလုံးပါဝင်ရေး၊ လော်ခီးလာညီလာခံက ပြောတာလည်း အားလုံးပါဝင်ရေးပဲ။ တစ်ဖွဲ့ မထိုးရင် အားလုံးမထိုးဘူး။ ထိုးရင် အားလုံးထိုးမယ်။ လက်ရှိ ၆ ဖွဲ့က ထိုးဖို့ မဆုံးဖြတ်ရသေးဘူး။ တချို့ ကျန်တဲ့အဖွဲ့လေးတွေက အငယ်လေးတွေ။ ကိုးကန့်ကိုလည်း ပြီးအောင် မတိုက်နိုင်သေးဘူး။ တအာင်း(ပလောင်)၊ ရက္ခိုင့်တပ်မတော်၊ လားဟူအဖွဲ့တွေနဲ့လည်း တိုက်တာတွေ ရှိနေသေးတယ်။ အဲဒီအဖွဲ့တွေ မပါရ ဘူးဆိုရင် ဒီငြိမ်းချမ်းရေး က ဘယ်လောက်ခိုင်မလဲ။ အားလုံး လက်မှတ်ရေးထိုးကြဖို့ သဘောတူညီ မှုရှိရဲ့သားနဲ့ အားလုံးက လက်မှတ် မထိုးနိုင်ကြဘူးလားဆိုတာ မေးစရာ ဖြစ်နေတယ်။ ရတောင့်ရခဲ ဒီငြိမ်းချမ်းရေး အခွင့်အရေးကို ဒီမှာ လက်လွှတ်ဆုံးရှုံး မခံသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့ လက်နက်ကိုင်အားလုံးကို လက်မှတ်ထိုးခိုင်းလိုက်လို့ နစ်နာမှု ဘာမှမရှိပါဘူးဗျာ။ (အစိုးရက) ခွဲခြား၊ ခွဲခြားလုပ်ခဲ့ပေါင်းလည်း များပြီ။ နောက်လိုက် ၅ဝ လောက်ပဲရှိနေတဲ့ အဖွဲ့လေးကိုလည်း လက်မှတ် ရေးထိုးပိုင်ခွင့် ပေးရမှာပဲ။  အဲဒီလိုမှ မဟုတ်ရင်တော့ ဒီပြဿနာက တော်တော်လေးကို ရှည်ပြီး ပြီးဦးမှာ မဟုတ်သေးဘူး။

မေး ။    ။ အစိုးရဘက်က ရပ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ  ရှမ်းပြည်နယ်မှာ ရှိနေပါတယ်။ ရွေးကောက်ပွဲကာ လမှာ ဒီအဖွဲ့တွေဟာ  နိုင်ငံရေးပါတီတွေအတွက် အနှောင့်အယှက် ဖြစ်လာနိုင်သလား။

ဖြေ ။    ။ ကျွန်တော်တို့ပါတီက အဲဒီပြည်သူ့စစ်တွေနဲ့ ဆက်စပ်တာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ကိုယ်လုပ်စရာရှိတာကိုသာ လုပ်တာ။ ကျွန်တော်တို့မူကို သူတို့လည်း မငြင်းတာကို တွေ့ရပါတယ်။ ဟိုတလောက မြို့နယ်တစ်ခု(ကလော) မှာ ကျွန်တော်တို့ စည်းရုံးရေးသွားတော့ အဲဒီမြို့နယ်က ပြည်သူ့စစ်တွေကိုယ်တိုင် ကျွန်တော်တို့ကို သူတို့ရုံးခန်းဖိတ်ပြီးတော့ ဧည့်ခံပါတယ်။ ကျနော်တု့ိက လည်း တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုနေတဲ့ တန်းတူညီမျှရေးမူကိုပဲ သူတို့ကို ချပြတာ။ သူတို့လည်း လက်ခံကြပါတယ်။

မေး ။    ။ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့ဒေသက ထွက်တဲ့ သယံဇာတတွေပေါ် မှာ မှီခိုနေကြတယ်လေ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် တိုင်းရင်းသားဒေသ သယံဇာတ အရင်းအမြစ် ခွဲဝေသုံးစွဲရေးကိစ္စကို ဘယ်လို ထည့်သွင်း စဉ်းစားသင့်သလဲ။

ဖြေ ။    ။ အရင်တစ်ခေါက်က လွှတ်တော်မှာတင်ပြီး မဲခွဲတော့ ရှုံးသွားပြီပဲ မဟုတ်လား။ decentralization (ဗဟိုချုပ်ကိုင်မှု လျှော့ချရေး)နဲ့ Distribution of Natural Resources (သယံဇာ တ ခွဲဝေဖြန့်ဖြူးရေး) ပေါ့။ တိုင်းရင်းသားနယ်တွေမှာ အာဏာလျှော့ပြီးတော့ တိုင်းရင်းသားတွေ တင်တဲ့ ခေါင်းဆောင်ကို တင်ဖို့ရယ်၊ သယံဇာတပစ္စည်းကိုလည်း ခွဲဝေပေးဖို့၊ သယံဇာတတွေကို တိုင်းရင်းသား ဒေသတွေအတွက် ၇၅ ရာခိုင်နှုန်း၊ ပြည်မအတွက် ၂၅ ရာခိုင်နှုန်းဆိုပြီး မျှပြီး သုံးချင်တဲ့ ဆန္ဒရှိတယ်။ အဲဒီဟာ ကြိုးစားတာလည်း မအောင်မြင်လာဘူးလေ။ တောတွေပြုန်းအောင် ခုတ်လိုက် တယ်၊ နယ်ခံတွေ ဘာမှ မရဘူး။ ကချင်လည်း ပြောင်နေပြီ။ ရှမ်းလည်း ပြောင်တလင်း ဖြစ်တော့မယ်။ ရွှေတွင်းတွေက အစ၊ ကျောက်မျက်ရတနာတွေရော။ ဒါတွေက အစာကြေမယ့် အလုပ်တော့ မဟုတ် ဘူးဗျ။  ချုပ်လိုက်ရင် ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ရမယ်ဆိုတာပဲဗျ။  အကျိုးဆက်တွေကို ခါးစည်းခံ ရတာကတော့ ဒေသခံ တိုင်းရင်းသားတွေပဲ။  

မေး ။    ။ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ လက်ရှိ အာဏာရပါတီကပဲ ဆက်ပြီး အစိုးရ ဖွဲ့နိုင်တယ်ဆိုရင်  ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးဆိုတဲ့ ကိစ္စအပေါ် ဘယ်လို သက်ရောက် မှု ရှိမလဲခင်ဗျ။

ဖြေ ။    ။ အဲဒီလိုသာ နိုင်သွားမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ခက်ခဲမယ်။ ဖက်ဒရယ် တပ်မတော်ဆိုတာလည်း မဖြစ်လာနိုင်ဘူး။ ဖက်ဒရယ်စစ်စစ်လည်း ရမှာ မဟုတ်ဘူး။ “ မြန်မာ့နည်း၊မြန်မာ့ ဟန် ဖက်ဒရယ်”  ပဲရမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ “ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်” စနစ်လည်း ကြုံခဲ့ပြီးပြီ။ “ မြန်မာ့နည်း၊ မြန်မာ့ဟန် ဒီမိုကရေစီ” ဆိုတာလည်း ကြုံနေရပြီ။  ဖက်ဒရယ်မ စစ်ရင်၊ တိုင်းရင်းသားတွေ ရချင်တာမျိုး မရရင်တော့ ဘယ်လောက်ပဲ လက်မှတ်တွေ ထိုးထားပါစေ တိုက်ပွဲတွေက ပြန်ဖြစ်မှာပဲ။

မေး ။    ။ ဦးသိန်းစိန်က သမ္မတရာထူးကို နောက်တစ်ကြိမ် ပြန်ယူဖို့ ဆန္ဒရှိနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ။

ဖြေ ။    ။ သူ့ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက (ဒုသမ္မတ တစ်ဦးအဖြစ်) ရွေးပေး နိုင်တဲ့ အခြေအနေ ရှိတယ်။ တိုင်းပြည်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ခြစားမှုတွေက အဓိက ဒုက္ခပေးနေ တယ်၊ တရားရေး မဏ္ဍိုင်ကြီးကလည်း မခိုင်မြဲဘူး။ ဦးသိန်းစိန် လက်ထက်မှာ ဒါတွေဘာမှ မကိုင်တွယ် မဖြေရှင်းနိုင်ခဲ့ဘူး။ လယ်ယာမြေကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ ကျောင်းမှာ ရှိသင့်တဲ့ လူငယ် တွေ ထောင်ထဲ ရောက်နေကြတာတွေ၊ သဘာဝဘေးတွေကြောင့် ပြဿနာတွေကလည်း ဝိုင်းဝိုင်း လည်နေတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်တို့ အတွင်းရော အပြင်ကပါ ဝိုင်းစဉ်းစား ပေးကြရတော့မှာပါ။ ငြိမ်းချမ်းရေးလည်း ခိုင်မြဲသထက် ခိုင်မြဲအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ နက်နက်နဲနဲ စဉ်းစားပေးသင့်ပြီ။ ဦးသိန်းစိန်ရဲ့သက်တမ်းဖြစ်တဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်း ဒီပြဿနာ တွေ မဖြေရှင်းနိုင်တဲ့အပြင် ပိုတောင်ဆိုးလာတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly