မဘသမှ အမည်ပြောင်းလဲထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို တရားမဝင်အဖွဲ့အဖြစ် မဟန ဆုံးဖြတ်

မဘသမှ အမည်ပြောင်းလဲထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို တရားမဝင်အဖွဲ့အဖြစ် မဟန ဆုံးဖြတ်

ရန်ကုန် ဇူလိုင် ၂၁ ။            ။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မ ဘ သ)အဖွဲ့မှ အမည်ပြောင်းလဲဖွဲ့စည်းထားသည့် ဗုဒ္ဓ ဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း သတ် မှတ်လိုက်ပြီး ၄၅ ရက်အတွင်း ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် မဟနမှ ဆုံးဖြတ်လိုက်သည်။

ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေတွင် ဇူလိုင်လ၂ဝရက်က ပြုလုပ်သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)အဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင် ဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်းက သံဃမဟာနာယကအဖွဲ့၏ လမ်းညွှန်မှုကို ရယူလိုကြောင်း တင်ပြလာခြင်းကို အထက် ပါအတိုင်း ဆုံးဖြတ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့ကတော့ ၄၅ ရက်အတွင်း ဖြုတ်သိမ်းဖို့ ပြောထားတာပဲလေ။နေပြည်တော် အစည်း အဝေးပြီးမှပဲ အကြောင်းကြားရမယ်။ စာတွေတောင် မထွက်ရသေးပါဘူး " ဟု ဟု သာသနာရေးနှင့်ဝိနိစ္ဆရဋ္ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဇူလိုင် လ ၂၁ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က အဆိုပါ အဖွဲ့ အစည်း၏ဆိုင်းဘုတ်များကို ယနေ့မှစ၍ ၄၅ ရက် အတွင်း ဖျက်သိမ်းရန်ညွှန်ကြားထားသည်။

ယင်းညွှန်ကြားချက်အပေါ် လိုက်နာခြင်း၊မလိုက် နာခြင်း ကိစ္စမှာ နောက်ပိုင်းကိစ္စဖြစ်ပြီး ဆောင်ရွက်စရာကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဆက်လက် ပြောသည်။

" အဲဒါက နောက်ပိုင်းကိစ္စပေါ့နော်။ ကျွန်တော်တို့က လိုက်နာဖို့ ပြောလိုက်တာပဲရှိတယ်လေ။ မလိုက် နာတော့မှ ကျန်တဲ့ကိစ္စဘယ်လိုလုပ်မလဲဆိုတာ လာမှာပေါ့" ဟု ဦးထွန်းညွန့်က ဆိုသည်။

ဇူလိုင်လ ၂ဝရက်က ပြုလုပ်သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ ၏ လမ်းညွှန်မှုတောင်းခံခြင်းကို ပယ်ဖျက်ပြီး တရားမဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသာ ဖြစ်ကြောင်း၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) အဖွဲ့အားလုံး၊ အဖွဲ့ဝင်အားလုံးသည် အဖွဲ့ အမည်ကိုသုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်နှင့် မြန်မာပြည်အနှံ့ အပြား စိုက်ထူထားသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဆိုင်းဘုတ်များကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဆုံးဖြတ်ချက်များကိုမလိုက်နာပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂ဝ/၉ဝ ဥပဒေဖြင့် အရေးယူပြီး လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် အရေးယူရန်လည်း ဆုံးဖြတ်ခဲ့သည်။

ယခင်၂ဝ၁၇ ခုနှစ် မေလ ၂၃ ရက်နေ့ကလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)သည် ယခင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့အား တရားမဝင်အဖွဲ့အစည်းဖြစ် ကြောင်း ကြေညာ၍ ဆိုင်းဘုတ်များဖျက်သိမ်းရန် ဆုံးဖြတ်ညွှန်ကြားခဲ့ပြီး အချို့မှာလိုက်နာခြင်းမရှိ သည်များလည်း ရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags