ကလေးကစားကွင်းငယ် ပါဝင်သော ၆ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်လှစ်

ကလေးကစားကွင်းငယ် ပါဝင်သော ၆ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်လှစ်

 

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက် ။       ။ ကလေးငယ်များအတွက် ကစားကွင်းငယ်လေးတစ်ခုကို ထည့်သွင်းဖန်တီးထားသော နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို ဇူလိုင် ၂၁ နေ့တွင် ရန်ကုန်မြို့ ၄၁လမ်းနှင့် ၄၂လမ်းကြား (အထက်ဘလောက်)၌ ဖွင့်လှစ်ခဲ့သည်။

ဒို့အိမ် ဖောင်ဒေးရှင်းမှပြုလုပ်သော ဆဋ္ဌမမြောက် (၆ ခုမြောက်) နောက်ဖေးလမ်းကြားဥယျာဉ်ဖြစ်ပြီး  ဒိန်းမတ်ဗိသုကာပညာရှင်ထံမှ ဒီဇိုင်းပိုင်းကို အကူအညီရယူကာ ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“မိုးတွင်းကုန်ပြီး ဆောင်းတွင်းနဲ့နွေရာသီပြန်ရောက်ရင်တော့ နောက်ထပ်နောက်ဖေးလမ်းကြားဥယျာဉ်တွေ ဆက်ပြီးစမှာဖြစ်ပါတယ်။ နောက်ထပ် ရန်ကုန်မြို့တွင်းမှာပါ မဟုတ်ဘဲ အခြား ရပ်ကွက်လိုနေရာတွေမှာပါ ထပ်ပြီးတိုးချဲ့လုပ်ဆောင်သွားဦးမှာပါ။နောက်ဖေးလမ်းကြား ဥယျာဉ်တွေကိုလည်း အသစ်သစ်သော အိုင်ဒီယာတွေ စဉ်းစားပြီးလုပ်ဆောင်သွားပါမယ်" ဟု ဒို့အိမ် Project and Communications Officer ကိုကျော်စည်သူ ကပြောသည်။

ယခုဖွင့်လှစ်သော နောက်ဖေးလမ်းကြားတွင် ကလေးငယ်များအတွက် ကစားကွင်းငယ်လေးတစ်ခုကို ထည့်သွင်းဖန်တီးထားပြီး နံရံတက်ကစားနည်းများ၊ နံရံပန်းချီများနှင့် အပင်လေးများ၊ ရောင်စုံအုတ်ခုံလေးများကိုပါ ထည့်သွင်းတည်ဆောက်ထားသည်။

"နံရံတစ်ခုကတော့ ကလေးတွေအတွက် ကျောက်သင်ပုန်းတစ်ခုလိုပါပဲ ။ အဲဒီအပေါ်မှာ ပုံဆွဲတာ ဖန်တီးမှုတွေ လုပ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ဒီနံရံပါ။ ကလေးတွေနဲ့အတူ Pattern တွေဖော်ပြီး ဆွဲခဲ့တာပါ။ နောက်တစ်ခုကတော့ သဘာဝပတ်ဝန်းကျင်အတွက်ပါ ။ အဲဒီမှာ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပန်းချီတွေ ပါ ပါတယ်" ဟု ယင်းနေရာရှိ နံရံပန်းချီများကို ဖန်တီးပေးသော Mark Prykaza ကပြောသည်။

ရန်ကုန်အစိုးရသစ်လက်ထက်တွင် နောက်ဖေးလမ်းကြား အမှိုက်မပစ်ရေး စီမံချက်အဖြစ် ဥယျာဉ်ငယ်များ လုပ်ဆောင်လျက်ရှိရာ ၄၁ လမ်းနှင့် ၄၂လမ်းကြား (အထက်ဘလောက်)ရှိ နောက်ဖေးလမ်းကြား ဥယျာဉ်သည် ဆဋ္ဌမမြောက်အဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly