ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ဖြစ်မည် ယုံကြည်သူ ကျော်ကျော်မျိုး

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ဖြစ်မည် ယုံကြည်သူ ကျော်ကျော်မျိုး

ရန်ကုန် ဇူလိုင် ၂၁ ။         ။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရန်အတွက် ၆ နှစ်တာ စောင့်ဆိုင်းနေရပြီး ကြားကာလများတွင် ဝေဖန်သံ အမျိုးမျိုးရှိခဲ့သော်လည်း ရိုက်ဖြစ်လိမ့်မည်ဟု ယုံ ကြည်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် ပါဝင်သရုပ်ဆောင်မည့် ကျော်ကျော်မျိုးက မဇ္ဈိမသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေ အထားနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ဇူလိုင်လ ၂၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရာ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်မြို့ကို ကျွန်တော် လိမ်လို့မရဘူး။ကျွန်တော် ဗိုက်ထွက်တာတွေဘာတွေလည်းမရှိဘူး။ ဝတာလည်း မရှိဘူး။ ဒီအတိုင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာယုံကြည်ချက်ရှိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် ရိုက်ဖြစ်လိမ့်မယ်လို့ ကျွန်တော် အမြဲတမ်းယုံတယ်။ လေ့ကျင့်ခန်းလည်း အမြဲလုပ်တယ်။ ၆ နှစ်တာကာလအတွင်း ခန္ဓာကိုယ်ထိန်းရတာမလွယ်ဘူး" ဟု ကျော်ကျော်မျိုးက မဇ္ဈိမသို့ ပြောသည်။

လက်ရှိအနေအထားတွင် ကျော်ကျော်မျိုးသည် ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ရန် ဇာတ်ဝင်ခန်းတစ်ချို့အတွက် အင်္ဂလိပ်ဘာသာစကားနှင့် ဂျပန်ဘာသာစကားတို့ကို လေ့လာသင်ယူလျှက်ရှိသည်။

ထို့အပြင် ဗိုလ်ချုပ်နေရာအတွက် ပါဝင်သရုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီး ယင်းတာဝန်မှာ အလွန်ကြီးမားလှသည်ဟု သရုပ်ဆောင်ကျော်ကျော်မျိုးက ဆက်ပြောသည်။

"ဒီနေရာက ကျွန်တော်မှားလို့မရဘူး။ ချွတ်ချော်လို့မရဘူး။ အာရုံလျော့လို့မရဘူး။ ဒါက တာဝန် ကြီးတယ်။ နောင်လာနောင်သားတွေ ဗိုလ်ချုပ်ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာသိဖို့ စာအုပ်ဖတ်တာ ဒီလိုရုပ်ရှင်ကြည့်တာတွေက ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်တာပေါ့" ဟု သူက ပြောသည်။

ကျော်ကျော်မျိုးသည် ၂၀၁၂ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကောင်နေရာ ရွေးချယ် ရေးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် ရွေးချယ်ထားသူတစ်ဦးလည်း ဖြစ်သည်။

" သူက မြစ်ငယ်သား။ အညာသား။ ဘောလုံးသမားဆိုတဲ့အခါကျတော့ သူ့ရဲ့ဘက်ဂရောင်း ကိုက ဒီအနေအထားရောက်အောင် တွန်းပို့ပေးနေသလိုပဲ။ အတော်လေးအနီးစပ်ဆုံး အံဝင်ခွင်ကျအောင် ဗိုလ်ချုပ်ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ရင် သူက အနီးစပ်ဆုံးပုဂ္ဂိုလ်တစ်ယောက်ပါပဲ " ဟု သရုပ်ဆောင်ကျော်ကျော်မျိုးကို အင်္ဂလိပ်စာ သင်ကြားပေးနေသော ဦးရဲထွဋ်က ပြောသည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းကို ဇူလိုင်လအကုန်တွင် အချောသတ် ပြီးစီးရန် ကြိုးပမ်းနေပြီး၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးရိုက်ကူးခြင်း၊ ၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက် မည် ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောဆိုထားသည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရန် ကျပ်သိန်းပေါင်း ၁ သောင်းခန့် လျာထားကြောင်းသိရပြီး လက်ရှိတွင် စုစုပေါင်း ကျပ်သိန်း ၁၂၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ် ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ၅ နှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်းမရှိ၍ ဝေဖန် မှုများထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly