မြောက်ကိုရီးယားကို ဆက်လက်ဖိအားပေးထားရန် ကုလအား အမေရိကန်အစိုးရ တိုက်တွန်း

မြောက်ကိုရီးယားကို ဆက်လက်ဖိအားပေးထားရန် ကုလအား အမေရိကန်အစိုးရ တိုက်တွန်း

 

ကုလသမဂ္ဂ၊ ဇူလိုင် ၂၁ ။               ။ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကို အပြည့်အ၀ အာမခံကျိန်းသေစေပြီး ဆက်လက်ဖိအားပေးသွားရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ဇူလိုင် ၂၀ ရက်မှာ တိုက်တွန်းပြောလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်အနေနဲ့ သူ့ရဲ့ နျူကလီးယားဖျက်သိမ်းရေး ကတိကို အကောင်အထည် မဖော်မချင်း ဆန်ရှင်တွေကို မဖြေလျှော့သင့်ကြောင်း မီဒီယာကို ထုတ်ပြန်ချက်မှာ ပွန်ပီယိုက ဆိုထားပါတယ်။

မြောက်ကိုရီးယားအရေးမှာ တိုးတက်မှုတွေ လုပ်နိုင်မယ့် အခွင့်အလမ်းတွေအပေါ် အမေရိကန်အစိုးရက အကောင်းရှုမြင်ထားဆဲ ဖြစ်ပေမယ့် နျူကလီးယားဖျက်သိမ်းရေး အောင်မြင်ရန် ဒဏ်ခတ်ပိတ်ဆို့မှု လိုအပ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ပွန်ပီယိုအနေနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ခုလို မိန့်ခွန်းမပြောကြားခင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်းဝါနဲ့ ဂျပန်သံအမတ်ကြီးတို့နဲ့အတူ နယူးယောက်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

လုံခြုံရေးကောင်စီမှာ ပွန်ပီယို အခု အစည်းအဝေးတက်ရောက်တာဟာ သမ္မတ ထရမ့်နဲ့ ကင်ဂျုံးအွန်တို့ စင်ကာပူမှာ တွေ့ဆုံစည်းဝေးပြီးနောက်ပိုင်း ပထမဆုံးလည်း ဖြစ်ပါတယ်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေး အပြည့်အ၀ အောင်မြင်ရေးအတွက် လုံခြုံရေးကောင်စီဟာ စည်းလုံးညီညွတ်ပြီး ကောင်စီဝင်နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးဟာလည်း မြောက်ကိုရီးယားအပေါ် အပြည့်အ၀ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ကျင့်သုံးဖို့ သဘောတူထားပါတယ်။ ကတိကဝတ်တွေအတိုင်း မြောက်ကိုရီးယားဟာ ဂုဏ်ယူဖွယ်ရာ ဖော်ဆောင်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”လို့ ပွန်ပီယိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags