အသင်းမှာ ပွဲကစားဖို့ အဆင်သင့်ဖြစ်ပြီဆိုတာ သက်သေပြသွားမယ်ဆိုတဲ့ ရီးယဲလ်အသင်းရဲ့ လူငယ်ကစားသမားသစ် ဗီနီစီးယပ်စ်

အသင်းမှာ ပွဲကစားဖို့ အဆင်သင့်ဖြစ်ပြီဆိုတာ သက်သေပြသွားမယ်ဆိုတဲ့ ရီးယဲလ်အသင်းရဲ့ လူငယ်ကစားသမားသစ် ဗီနီစီးယပ်စ်
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးလူငယ်ကြယ်ပွင့် ဗီနီစီးယပ်စ်က အသင်းမှာ ကစားဖို့ ထိုက်တန်ကြောင်း နည်းပြ လိုပီတီဂွီနဲ့ အသင်းဖော်တွေကို သက်သပြသွားမယ်လို့ သောကြာနေ့က ရီးယဲလ်ကစားသမားသစ်အဖြစ် မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

ဖလာမင်ဂိုကစားသမားဟောင်းဟာ ၂၀၁၇ ခုနှစ်ထဲက ရီးယဲလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ခွင့်မှာ အသက် ၁၈ နှစ်ပြည့်မြောက်မှဖြစ်တာကြောင့် အခုချိန်မှ ဘရာဇီးမှ စပိန်သို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

“ကျနော် ရီးယဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီအသင်းမှာ နှစ်ပေါင်းများစွာ ကစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ရီးယဲလ်မက်ဒရစ်ဖြစ်ကြပြီး အမြဲပိုပြီး ကောင်းမွန်တဲ့အရာတွေကိုပဲ အလိုရှိနေကြသူတွေဖြစ်ပါတယ်။”လို့ လူငယ်တိုက်စစ်မှူး ဗီနီစီးယပ်စ်က အသင်းဥက္ကဌ ပီရက်ဇ်ကိုယ်တိုင် တက်ရောက်တဲ့ သူ့ရဲ့ မိတ်ဆက်ပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“နည်းပြနဲ့ ကျနော့်အသင်းဖော်တွေကို ကျနော် ပွဲကစားဖို့ အဆင်သင့်ဖြစ်ပြီဆိုတာ ပြသသွားမှာပါ။ အသင်းရဲ့ နည်းစနစ်တွေနဲ့ အံဝင်အောင် အမြန်ဆုံး ကြိုးစားသွားပါမယ်။ အသင်းသစ်မှာ နေသားတကျဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အရာတွေကို လုပ်ဆောင်သွားဖို့ အဆင်သင့်ပါပဲ။”လို့ အသက် ၁၈ နှစ်သားက ပြောပါတယ်။

ဒါ့အပြင် သူက ရီးယဲလ်အသင်းကို ပူးပေါင်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဒါဟာ သူ့အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဗီနီစီးယမ်စ်က ကမ္ဘာ့ကြီးကျယ်ခမ်းနားဆုံး ကလပ်အသင်းတွေကို ကစားဖို့ ရွေးချယ်ဖို့ အခွင့်အရေးရှိခဲ့ပြီး ဒီထဲက ကမ္ဘာ့အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့တယ်လို့ အလေးအနက် ပြောဆိုသွားပါတယ်။

ရီးယဲလ်အသင်းဟာ လူငယ်ကစားသမားလေး ဗီနီစီးယမ်စ်ကို ယူရိုသန်း ၄၅ နဲ့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags