တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိရှိတဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်သစ်လက်မှတ်ရေးထိုးခဲ့ကြောင်း ကလပ်အသင်းက သောကြာနေ့က ကြေညာခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ ကစားသမားဟာ ၂၀၁၅ ခုနှစ်က လီဗာကူဆင်အသင်းမှ စပါးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ကွင်းလယ်လူ ဒယ်လီ အလီတို့နဲ့အတူ နည်းပြ ပိုချက်တီနိုရဲ့ အဓိကအားထားရတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။
စပါးအသင်းအတွက် ပွဲ ၁၄၀ ကစားပြီး ၄၇ သွင်းယူခဲ့သူ ဆွန်က ၎င်းရဲ့ အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ပေမယ့် တစ်ဦးချင်းအနေနဲ့ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီးနောက် အခုလိုကလပ်အသင်းနဲ့ သက်တမ်းတိုး စာချုပ်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းက ဂျာမနီအသင်းကို ၂-၀ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ဆွန်ဟာ နိုင်ငံအသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့် ဒီရလဒ်က သူ့ရဲ့ စစ်မှုထမ်းကင်းလွှတ်မှုအတွက် လုံလောက်မှုမဖြစ်ခဲ့ပါဘူး။ လာမယ့် သြဂုတ်လ ၁၈ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာရှပြိုင်ပွဲမှာ ၎င်းနိုင်ငံအသင်းအနေနဲ့ ရွှေတံဆိပ်မဆွတ်ခူးနိုင်ခဲ့ရင်တော့ သူဟာ ၂၃ လကြာ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။
တောင်ကိုရီးယားဥပေဒေအရ အာရှအားကစားပွဲတော်မှာ အိုလံပစ်ဆုတံဆိပ် သို့မဟုတ် ရွှေတံဆိပ် ဆွတ်ခူးနိုင်တဲ့ ဘယ်ပရော်ဖက်ရှင်နယ်အားကစားသမားမဆို စစ်မှုထမ်းဆောင်ခွင့်မှ ကင်းလွတ်ခွင့်ရနိုင်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားအသင်းဟာ ၁၉၇၀၊ ၁၉၇၈၊ ၁၉၈၆ နဲ့ ၂၀၁၄ အာရှဘောလုံးအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး ၂၀၁၈ ပြိုင်ပွဲမှာလည်း အဆိုပါဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးအသင်းတစ်သင်းလည်းဖြစ်ပါတယ်။
(EFE-EPA)