၀န်ထမ်းလစာ ဖူလုံမှုမရှိပါက ဘယ်အစိုးရတက်တက် အခက်အခဲနှင့် ကြံုတွေ့နိုင်ဟုဆို

၀န်ထမ်းလစာ ဖူလုံမှုမရှိပါက ဘယ်အစိုးရတက်တက် အခက်အခဲနှင့် ကြံုတွေ့နိုင်ဟုဆို

ဇူလိုင် ၂၀။     ။ မိမိနိုင်ငံတွင်ရှိသော ဝန်ထမ်းများ၏လစာကို ဖူလုံအောင်မပေးနိုင်လျှင် ဘယ်လိုအစိုးရတက်တက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့မည်ဖြစ်ကြောင်း   မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက် ကပြောသည်။

ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)တွင် ဇူလိုင် ၂၀ရက်က ကျင်းပသည့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း စတင်မိတ်ဆက်ခြင်းအခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေကို ပြန်လည်သုံးသပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့လစာက အဆ တအား ကွာနေတယ်။ အဲဒီတော့ဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် ဒီလစာကိုတော့ အလေးအနက်ထားရမယ်လို့ သုံးသပ်မိတယ်။ မဟုတ်ရင်ဘယ်လောက်ပဲ လုပ်လုပ် ကိုယ်ရဲ့ဝန်ထမ်းလစာကို ဖူလုံအောင် မပေးနိုင်ဘူး ဆိုရင်တော့ ဘယ်လို အစိုးရပဲတက်တက် အခက်အခဲတွေနဲ့ရင်ဆိုင်ရမယ်" ဟု ဦးယောဆက် ကပြောသည်။

မြန်မာနိုင်ငံတွင်သယံဇာတများရှိသော်လည်း လုပ်အားခ လစာလုံလောက်အောင် မပေးနိုင်ခြင်းကြောင့် လုပ်အားခ ပိုမိုရရှိသည့် အိမ်နီးချင်းနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်ကြကာ ပြည်တွင်း၌ လူစွမ်းအား အရင်းအမြစ်များ ဆုံးရှုံးနေရကြောင်းသိရသည်။

တိုင်ရင်းသားလုပ်ငန်းရှင်များအနေဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း ပြည်တွင်းပြည်ပတွင်ရှိသော လုပ်ငန်း ရှင်များဖြင့်ပူးပေါင်းပြီး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ပြည်နယ်ဒေသအတွင်းရှိ လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်ဝင်းမင်း ကပြောသည်။

"နိုင်ငံတော်အစိုးရကလည်း အဲဒီလုပ်ငန်းများရဲ့လိုအပ်ချက်တွေဖြစ်တဲ့ အခြေခံအဆောက်အအုံတွေ လျှပ်စစ်စွမ်းအားတွေ ဆက်သွယ်ရေးစွမ်းအားတွေ လမ်းပန်းဆက်သွယ်ရေးစတာတွေ ပံ့ပိုးပေးဖို့ ကြိုးပမ်း ဆောင်ရွက်နေတာ အများသိပြီးဖြစ်ပါတယ်။ ဒါတွေသာပြည့်စုံသွားမယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေမှာ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုတက်လာမှာ အမှန်ပင်ဖြစ်ပါတယ်" ဟု ဦးဇော်မင်းဝင်ကဆက် ပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အသေးစားနှင့် အလတ်စား (SME)လုပ်ငန်းများတိုးတက်လာအောင် အားပေးလုပ်ဆောင်ကြရမည်ဖြစ်ပြီး တိုင်ရင်းသားလူငယ်များကို စီးပွားလုပ်ငန်းများလုပ်ကိုင်လာကြစေရန် အသိပညာကျွမ်းကျင်မှုဆိုင်ရာ ပညာပေးဟောပြောပွဲများလုပ်ဆောင်ပေးသွားရန်လိုအပ်ကြောင်း သိရသည်။

"ဒီအသင်းရဲ့ ထူးခြားချက်က ကျန်တဲ့အသင်းချုပ်မှာရှိတဲ့ အသင်းနဲ့မတူတာက ဒီအသင်းကြီးသည် ကိုယ်နိုင်ငံရဲ့ လူတိုင်းလိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ အသင်းကြီးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပဋိပက္ခ ဖြစ်တဲ့ ဒေသတွေအားလုံးကိုကြည့်ရင် တိုင်းရင်းသားတွေအများစုနေထိုင်တဲ့ ဒေသဖြစ်နေတာ တွေ့ရတယ်" ဟု မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ နာယက ဒေါက်တာအောင်ထွန်းသက် ကပြောသည်။

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်၌ ပြည်ထောင်စု မြန်မာနိုင်ငံတိုင်းရင်းသားဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ဆွေးနွေးပွဲများပြုလုပ်၍ ဇွန်လ ၂၈ရက်တွင် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့ အသင်းမှတ်ပုံတင်လိုင်စင်ပြုလုပ်ကာ  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုဖွဲ့စည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly