ဦးသိန်းစိန်လား ဒေါ်အောင်ဆန်းစုကြည်လား

ဦးသိန်းစိန်လား ဒေါ်အောင်ဆန်းစုကြည်လား

မြန်မာ့အနာဂတ်ကို အဆုံးအဖြတ်ပေးမည့်ပွဲဟု တင်စားလာကြသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ (တနင်္ဂနွေ)တွင် ကျင်းပတော့မည် ဖြစ်သည်။ လာမည့် အင်္ဂါ (စက်တင်ဘာ ၈) ကစပြီး ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများသည် ရက်ပေါင်း ၆၀ ကာလ မဲဆွယ်စည်းရုံးရေးကို စတင်ကြတော့မည် ဖြစ်သည်။

မဲဆွယ်စည်းရုံးရေး ကာလတွင်မဲဆန္ဒရှင် ပြည်သူများသည် မည်သည့်စကားကို ကြားကြရမည် နည်း။ “ကျွန်တော်တို့ကို မဲထည့်ပါ” ၊“ကျွန်မတို့ကို မဲပေးပါ” ၊ “ကျွန်တော်တို့ပါတီက လက်ရှိ အခြေအနေထက် ပိုကောင်းအောင် ဆောင်ရွက်ပေးပါ့မယ်” ၊ “ကျွန်မတို့ပါတီက ပြည်သူတွေ ခံစားနေတဲ့ ဒီပြဿနာတွေကို ပြေလည်အောင် လုပ်ဆောင်ပေးပါ့မယ်” စသည်ဖြင့် မဲဆွယ်စည်းရုံးရေး ကတိ စကားများကို ကြားကြ ရတော့မည်။

တတ်နိုင်သော ရွေးကောက်ပွဲဝင် ပြည်သူ့ကိုယ်စားလှယ်လောင်းများက ငွေကြေးပေးပြီး မဲဆွယ်ကြမည်။ အချို့က လမ်းခင်းပေးမည်၊ တံတားထိုးပေးမည်ဟု ပြောပြီး မဲတောင်းကြပါလိမ့်မည်။ အချို့ကတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာလူကြီးမှတစ်ဆင့် လိုအပ်သော မဲများကို ရအောင် ကြံဆောင်ပါလိမ့်မည်။ နောင်လာမည့် ငါးနှစ်သက်တမ်းအတွက် ဥပဒေပြုနိုင်သည့် အာဏာကို ရရှိပြီး အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းမည့် သမ္မတကို ရွေးချယ်ပိုင်ခွင့်ရှိသော နေရာအတွက် ရေကုန်ရေခမ်း နည်းမျိုးစုံသုံး ပြိုင်ဆိုင်ကြပေတော့မည်။

မဲဆန္ဒရှင် ပြည်သူအများစုသည် မနူးမနပ်များ မဟုတ်ကြပါ။ သမိုင်းစစ် သမိုင်းမှန်များကို ဖျောက်ထား ဖျက်ထားခံရသော်လည်း ဘဝနှင့်ရင်းကာ ခံစားခဲ့ရသော ကိုယ့်တွေ့ အသိတရားအရ လူကောင်းလူဆိုး၊ အမှန်အမှား၊ အကြောင်းအကျိုးကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ကြသူများ ဖြစ် သည်။ ထိုသူတို့တွင် ရိုးတွင်းခြင်ဆီမှသည် လက်ခံနိုင်သူ၊ လက်မခံနိုင်သူများ ရှိထားပြီး ဖြစ်နိုင် ပါသည်။

ဤတွင် မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေထဲမှ အဓိက ဇာတ်ကောင်များကို ပြောရန်ရှိ လာသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အဆုံးအဖြတ်ပေးနိုင်မည့်သူ(ဝါ) အဆုံးအဖြတ်ပေး မည့်နိုင်ငံရေးပါတီမှာ နှစ်ယောက် သို့မဟုတ် နှစ်ခုသာ ရှိသည်။ ယင်းတို့မှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အဓိက အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) တို့ဖြစ်သည်။ သို့မဟုတ် ယင်းပါတီနှစ်ခုကို ဦးဆောင်နေသော သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်သည်။

လူထုတွေ့ဆုံပွဲ မဲဆွယ်စည်းရုံးရေးများတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုအခါ အပြောင်းအ လဲ ပြုလုပ်ရန် အချိန်တန်ပြီ ဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပြီး အင်န်အယ် လ်ဒီကို မဲပေးရန် မဲဆန္ဒရှင် ပြည်သူလူထုကို ပြောင်ပြောင်တင်းတင်း တောင်းဆိုသည်။ လူကို ကြည့်နေလျှင် လွှတ်တော်တွင်း ထိုင်ခုံနေရာတွက်ချက်မှု၊ သမ္မတရွေးချယ်မှုနှင့် အစိုးရဖွဲ့စည်း မှုတွင် အခက်တွေ့နိုင်သည့်အတွက် ပါတီကိုသာ မဲပေးရန် ဆိုလိုခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ရှောင်ကွင်းထားရသော အာဏာရပါတီ၏ တကယ့် ခေါင်းဆောင် သမ္မတဦးသိန်းစိန်ကမူ စက်တင်ဘာ ၁ ရေဒီယိုမိန့်ခွန်းတွင် ယခုကဲ့သို့ ပြောသည်။

“ မိမိ တို့ကို အမှန်တကယ် ကိုယ်စားပြုမယ့် ပြည်သူလူထုရဲ့ လိုလားချက်များကို အမှန် တကယ် ဖော်ဆောင်ပေးနိုင်တဲ့ အရည်အသွေးရှိတဲ့ လူထုကိုယ်စားလှယ်များကို ရွေးချယ် တင်မြှောက် ပေးကြဖို့ အထူးအရေးကြီးပါတယ်” ဟု မဲဆန္ဒရှင်ပြည်သူများကို သမ္မတဦးသိန်းစိန် က တိုက်တွန်း ထားသည်။

ရွေးကောက်ပွဲနီးလာလေ လူနှင့် ပါတီပြဿနာ ကြီးလာလေ ဖြစ်မည်။ မဲဆန္ဒရှင် ပြည်သူများ မှာ မည်သူ့ကို ရွေးရမည်လဲ ဝေဝါးနိုင်ပါသည်။ အဓိက ပါတီကြီးနှစ်ခု၏ ခေါင်းဆောင်နှစ်ဦး၏ စကား များကိုထောက် ထားပြီး ပြည်သူများသည် မည်သည့်ဘက်ကို လိုက်ကြမည်နည်း။ ဤမေးခွန်းသည် အရေးကြီးသည်။ သမ္မတဦးသိန်းစိန်၏စကားကို နာလိုသူများက သမ္မတ၏ ငါးနှစ်သက်တမ်း တိုင်းပြည် ကို ဦးဆောင် ခဲ့မှုနှင့် ချိန်ထိုး အကဲဖြတ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများတွင်မူ အဆိုပါအခွင့်အရေး မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကို ဦးဆောင်ခွင့်မရသေးပါ။ လူထုခေါင်းဆောင်ဟု သတ်မှတ်ခြင်းခံထား ရသူ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအနေအ ထားမှသည် အပြောင်းအလဲ လိုပြီ၊ ပါတီကိုကြည့် မဲပေးကြပါဟု ပြောနေပါပြီ။ လက်ရှိ တိုင်းပြည်ခေါင်း ဆောင်ဟုဆိုရမည့် သမ္မတဦးသိန်းစိန်က အရည်အချင်းရှိသူကို ရွေးဖို့ ပြောလာသည်။ မဇ္ဈိမက မဇ္ဈိမ ပီပီ ကြားနေသည်။ မဲဆန္ဒရှင် ပြည်သူများကိုယ်တိုင်သည်ကား ဦးသိန်းစိန်လား၊ ဒေါ်အောင်ဆန်းစု ကြည်လား ဆုံးဖြတ်ရမည့်အချိန်ဟု မဇ္ဈိမက မှတ်ယူသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags